Tuesday, July 14, 2015

ဆင်းတုရှိခိုးတာ အကျိုးရှိသလား

ဆင်းတုရှိခိုးတာ အကျိုးရှိသလား
ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂၅၀၀ ကျော်ပြီ။

မရှိတော့တဲ့ မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား။

ကိုးကွယ်နေလို့ကော အကျိုးရှိပါမလား။

ဗုဒ္ဓဘာသာက ဆင်းတုတွေ၊ ရုပ်ပုံပန်းချီကားတွေကို ကိုးကွယ်တဲ့ ဘာသာလား?

ဆင်းတုတွေ ရုပ်ပုံတွေကို ရှိခိုးကိုးကွယ်နေလို့ ဘာအကျိုးရှိမှာလဲ။

ဒါတွေက အနောက်နိုင်ငံသားတွေ ဘာသာခြားတွေမေးတက်တဲ့ မေးခွန်းတွေပဲ။

ဂေါတမ မြတ်စွာဘုရားဟာ ပရိနိဗ္ဗာန် စံလွန်သွားပြီ ဖြစ်ပေမဲ့

သူဟောကြားထားတဲ့ တရားအဆုံးအမတွေက ပကတိအတိုင်း ရှိနေကြတုန်းပဲ။

သူဘုရားဖြစ်အောင် ကြိုးပမ်းခဲ့တာ အခုလို တရားအဆုံးအမကို ဟောပြဖို့ပဲ။

နိဗ္ဗာန်ရောက်ကြောင်းတရားကို ညွှန်ပြပေးခဲ့ဖို့ပဲ။

ဒါတွေက အခု အကုန်ရှိနေသေးတာမို့ ဒီတရားတော်အတိုင်း လိုက်နာကျင့်ကြံ

အားထုတ်ရင်း မြတ်ဗုဒ္ဓရှိစဉ်တုန်းကလိုပဲ ထပ်တူထပ်မျှ အကျိုးထူးများကို

ခံစားရပါတယ်။ နိဗ္ဗာန်ချမ်းသာကိုလည်း မျက်မှောက်ပြုနိုင်ပါတယ်။

ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်မစံမီမှာ ဗုဒ္ဓကိုယ်စား ကိုးကွယ်ဆည်းကပ်ဖို့အတွက်

စေတီ ၄ မျိုးကို သတ်မှတ်ပေးတော်မူခဲ့တယ်။

ဓာတုစေတီ… ဗုဒ္ဓရဲ့ ရုပ်ကလပ်တော်ကို မီးသဂြိင်္ုဟ်တဲ့အခါ ကျန်ရစ်တဲ့

ဓါတ်တော်များကို ဘုရားရှင် ကိုယ်စားကိုးကွယ်နိုင်တယ်။

ဓမ္မစေတီ… ဗုဒ္ဓမြတ်စွာ ၄၅ နှစ်တိုင်တိုင် ဟောကြားတော်မူခဲ့တဲ့

ပိဋကတ်သုံးပုံ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်နဲ့ နိဗ္ဗာန်တရားတို့ကို

ဘုရားရှင်ကိုယ်စား ကိုးကွယ်ဆည်းကပ်နိုင်တယ်။

ဥဒ္ဒိဿစေတီ… သက်တော်ထင်ရှား မြတ်ဘုရားကို ရည်မှန်းပြီး ရေးသားတဲ့ ပုံတော်၊

ပန်းချီကားချပ်တွေ၊ သစ်သားဆင်စွယ် စသည်တို့ကို ထုလုပ်ထားတဲ့ ဆင်းတုတွေ၊

အုတ်၊ သဲ၊ အင်္ဂတေ စသည်တို့ဖြင့် တည်ဆောက်ထားတဲ့ စေတီပုထိုးတွေ၊

ဒီအရာတွေအားလုံးကို ဘုရားရှင်ကိုယ်စား ရှိခိုးပူဇော်နိုင်တယ်။

ပရိဘောဂစေတီ… မဟာဗောဓိပင် အပါအ၀င် ဘုရားရှင် အသုံးပြုတော်မူခဲ့တဲ့ သပိတ်၊

သင်္ကန်း၊ တောင်ဝှေးစသည်တို့ကိုလည်း ဘုရားရှင်ကိုယ်စား

ဆည်းကပ်ကိုးကွယ်နိုင်တယ်။

အဲဒီတော့ ဗုဒ္ဓဘာသာဝင်များက မြတ်ဗုဒ္ဓရဲ့ ပုံတော်ပန်းချီကားတွေ၊

ဆင်းတုတွေကို ရှိခိုးပူဇော်တာဟာ ဥဒ္ဒိဿစေတီအဖြစ် ရည်မှန်းပြီး

ရှိခိုးပူဇော်ခြင်းဖြစ်တယ်။ ပန်းချီကားအနေနဲ့ ရုပ်ထု၊

ဆင်းတုတော်များအနေနဲ့ ရှိခိုးပူဇော်နေတာ မဟုတ်ဘူး။

ဥပမာ… ကွယ်လွန်သွားပြီးတဲ့ မိဘများရဲ့ဓါတ်ပုံကို ရှိခိုးကန်တော့နေတဲ့သူဟာ

စက္ကူဓာတ်ပုံကို ရှိခိုးကန်တော့နေတာမဟုတ်ဘူး။ သူ့မိဘကို ရည်မှန်းပြီး

ရှိခိုးကန်တော့နေခြင်းဖြစ်တယ်။ မိဘဓာတ်ပုံက အသက်ထင်ရှား ရှိစဉ်အခါက

မိဘတို့ရဲ့ ရုပ်ပုံကိုထင်မြင်လာအောင် အထောက်အပံ့ပြုတယ်။ မိဘရဲ့

ဂုဏ်ကျေးဇူးတွေ ထင်ပေါ်လာအောင် ကျေးဇူးပြုပေးတယ်။

စက္ကူဓာတ်ပုံကို ကျော်လွန်ပြီး မိဘတို့ရဲ့ တကယ့်ရုပ်သွင်နဲ့

မိဘတို့ရဲ့ဂုဏ်ကျေးဇူးများ ပေါ်လွင်လာအောင် ကြည့်ရှူရသလို ဘုရားပန်းချီ၊

ရုပ်ထု၊ ဆင်းတုများကိုကျော်လွန်ပြီး မြတ်စွာဘုရားရဲ့ တကယ့်ရုပ်သွင်နဲ့

ဂုဏ်တော်များ၊ ကျေးဇူးတော်များပေါ်လွင်အောင် ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပုံတော်၊ ဆင်းတုတော်တိုဟာ အထောက်အပံ့ ပစ္စည်းမျှသာဖြစ်တယ်။

ပုံတော်၊ ဆင်းတုတော်တွေ မရှိဘဲနှင့်လဲ မြတ်စွာဘုရားရဲ့ ဂုဏ်တော်များကို

ရည်မှန်းပြီး ရှိခိုးပူဇော်နိုင်ပါတယ်။

မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်အခါကလည်း ဘုရားဂုဏ်တော်များကိုသာ

ရည်မှန်းပြီး ပူဇော်ရပါတယ်။

မြတ်စွာဘုရားရဲ့ ဂုဏ်တော်များဆီသို့ စိတ်ရောက်တာချင်းတူရင်

အကျိုးကျေးဇူးကလည်း တူမှာပဲ။ ဂုဏ်တော်များစုပေါင်းထားတဲ့ ဘုရားရှင်ကို

ဉာဏ်နဲ့မြင်အောင် အာရုံပြုရမယ်။

ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ ရုပ်ပုံ၊ ရုပ်ထုတွေကို ဆည်းကပ်ကိုးကွယ်တဲ့

ဘာသာမဟုတ်ပါဘူး။ ဒါက မသိ၊ နားမလည်သူတွေရဲ့ လွဲလွဲမှားမှား

စွပ်စွဲမှုများသာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေ ဆည်းကပ်ကိုးကွယ်နေတာက အရဟံအစ ဘဂ၀ါအဆုံး အတုမရှိတဲ့

ဂုဏ်တော်များရဲ့ ပိုင်ရှင်ဖြစ်တဲ့ ဗုဒ္ဓဘုရား၊

ထိုမြတ်စွာဘုရားဟောကြားညွှန်ပြခဲ့တဲ့ မဂ်လေးတန်၊ ဖိုလ်လေးတန်

နိဗ္ဗာန်ပရိယတ်လို့ဆိုတဲ့အတုမရှိ မြင့်မြတ်တဲ့ ဓမ္မတရား၊ သစ္စာလေးပါး

မြတ်တရားကို သိမြင်ကြပြီးတဲ့ အရိယာသံဃာများနဲ့ မြတ်စွာဘုရားရဲ့

အဆုံးအမဩ၀ါဒအတိုင်း ကျင့်ကြံနေကြတဲ့ သမုတိသံဃာ၊ ဒီဘုရား၊ တရား၊

သံဃာလို့ဆိုအပ်တဲ့ ရတနာမြတ်သုံးပါးပါပဲ။

ဒီလို ကိုးကွယ်ဆည်းကပ်ထိုက်တဲ့ အမြတ်ဆုံးရတနာ သုံးပါးဆိုတာ အခြားဘယ်မှာ

ရှာဖွေလို့ ရနိုင်ပါတော့မလဲ။

(ဒေါက်တာမင်းတင်မွန်)

ဗုဒ္ဓဘာသာ..

ဗုဒ္ဓဘာသာ..
ဟိုသွားဒီသွားနဲ့  ဆောင်းပါးလေးတွေဖတ်ရင်း အခုခေတ် တချို့ လူငယ်တွေ ဘာသာရေး
အားနဲ နေတာ နဲ့  ပတ်သတ်ပြီး ရေးသားထားတဲ့  ဆောင်းပါးလေးတပုဒ် ကို ဖတ်မိတာနဲ့ အခုလိုမျှဝေပေးလိုက်မိတာပါ.။

ယနေ့ခေတ်မှာ လူငယ်တွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။
ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ ဒီလို
အခြေအနေ တွေကိုသိလို့ မြတ်စွာဘုရားက "နောင်အနာဂတ်ကာလမှာ ဗုဒ္ဓဘာသာ
ငါးမျိုး ကွဲပြား လိမ့်မယ်" ဟု ဟောတော်မူထားခဲ့ပါတယ်။ အဲဒီဗုဒ္ဓဘာသာ

ငါးမျိုးကတော့......

(၁)။ ကုလ ဗုဒ္ဓဘာသာ

(၂)။ လာဘ ဗုဒ္ဓဘာသာ

(၃)။ ဘယ ဗုဒ္ဓဘာသာ

(၄)။ သဒ္ဓါဓိက ဗုဒ္ဓဘာသာ

(၅)။ ပညာဓိက ဗုဒ္ဓဘာသာ

(၁)။ ကုလ ဗုဒ္ဓဘာသာ( မိရိုးဖလာဗုဒ္ဓဘာသာ)

ကုလ ဗုဒ္ဓဘာသာ ဆိုတာ ရိုးရာ ဗုဒ္ဓဘာသာ ကိုပြောတာပါ။ အမေအဖေက ဗုဒ္ဓဘာသာမို့

သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတာပါ။ မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း

ခရစ်ယာန်။ မိဘက အစ္စလာမ်ဆိုရင် သားသမီးကလည်း အစ္စလာမ်။ ဒါကို မိရိုးဖလာ

ကုလဗုဒ္ဓဘာသာပေါ့။ မိဘက ဗုဒ္ဓဘာသာ မို့သာ သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတယ်

ဘုရားရှင် ဘာလို့ ပွင့်မှန်းမသိ။ ဘုရား ဘာတရားဟောမှန်းလည်း မသိ။

ကိုယ်ပြောတဲ့ ဗုဒ္ဓဘာသာဝင်ဆိုတာတောင်မှ ဘာပြောမှန်းမသိ။

ကိုယ်ကိုးကွယ်နေတဲ့ မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ်ရမှန်းလည်းမသိ။

တရားတော်ကို ဘာကြောင့်ကိုးကွယ်ရ မှန်းမသိ။ ဘုရားကို ဦးချတာ

ဘာရည်ရွယ်ချက်နဲ့ ဦးချနေမှန်းကို မသိတာ။ ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့

အလေးပြုနေမှန်းကို မသိတာ။ လုပ်တော့ လုပ်နေတာပဲ အသိပညာ ဘာမှမပါတာ။
ကုလဗုဒ္ဓဘာသာပါ။

(၂) လာဘာဗုဒ္ဓဘာသာ

လာဘာဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို ဆိုလိုတာပါ။

ဒီဘ၀ စီးပွားရေးလေး တက်မလားဆိုပြီးတော့မှ ဘုရားကိုးကွယ်တာမှာ

ရွေးပြီးတော့ ကိုးကွယ်တယ်။ ဒီဘုရားကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ်

ဟိုဘုရားကိုးကွယ်ရင်တော့ စီးပွားတတ်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘဗုဒ္ဓဘာသာပါ။ ဘုရားကိုးကွယ်မှ လာဘ်ပေါမယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ

ဘာလို့ လာဘ်ရွှင်နေတာလဲ။ အဓိက စီးပွားရေး ဖြစ်နေတယ်ဆိုတာဘုရားကြောင့်မဟုတ်ပါဘူး။ ကံဥာဏ်ဝီရိယ သတ္တိကြောင့်ပါ။

အရောင်းအ၀ယ်တစ်ခုလုပ်မယ်။ အိမ်ခြံဝင်းဝယ်မယ်။ ရောင်းမယ်။ အိမ်နေရာ
ပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ၊ ဘုရားကျောင်းဆောင်
ပေါ်မှာ ဘိုးတော်ပုံတွေ ဘွားတော်ပုံတွေ တင်ထားတာတွေ၊ ကိုးကြီးကျော်
မနှဲလေး အစရှိတွေ နတ်တွေ ကိုးကွယ်တာတွေ၊ ဗေဒင်တွေ ယုံကြည်ပြီး ယတြာတွေချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဝင်များကို
လာဘာဗုဒ္ဓဘာသာ ဟုခေါ်ပါသည်။

(၃)ဘယ ဗုဒ္ဓဘာသာ(ကြောက်လို့ ကိုးကွယ်သော ဗုဒ္ဓဘာသာ)

ဘယဗုဒ္ဓဘာသာဆိုတာ ဘေးကို ကြောက်လို့ ကိုးကွယ်တာကို ခေါ်ပါတယ်။
အန္တရယ်ကင်းဖို့ ၊ ဘေးရှင်းဖို့၊ အသက်ရှည်ဖို့၊ ကျန်းမာဖို့ ၊ဒီလိုအတွေးအခေါ် အယူအဆတွေနဲ့ ဘုရားကို ကိုးကွယ်တာကို
ဘယဗုဒ္ဓဘာသာဟုခေါ်ပါသည်။ ဒီဘုရားကို ကိုးကွယ်မှ အသက်ရှည်မယ်ဆိုရင်
ဒီဘုရားကို မကိုးကွယ်တဲ့ ခရစ်ယာန်တွေ အစလာမ်တွေ အသက်ရှစ်ဆယ်
တစ်ရာကျော်တွေ ရှည်နေကြတာ ဘာလို့ပါလဲ။
ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလဗုဒ္ဓဘာသာ၊လာဘ်လာဘာ လိုချင်ပြီး ကိုးကွယ်တာလာဘ်လာဘ လိုချင်ပြီး ကနားတွေပေးတာ လာဘဗုဒ္ဓဘာသာ၊ ဘေးကြောက်ပြီးအကိုးကွယ်တွေ မှားနေတာ ဘယဗုဒ္ဓဘာသာ။ ဒီကုလ၊လာဘ၊ ဘယဗုဒ္ဓဘာသာ သုံးမျိုးကို
မပြည့်စုံသူဗုဒ္ဓဘာသာဟု ခေါ်ပါသည်။

ဟိုလူမပါ၊ ဒီလူမပါ၊ ဟိုလူပသပါတယ်။ ဒီလူပသပါတယ်။ လက်ညှိုးထိုး ခွက်လှန်
လုပ်နေတာတွေကို မြတ်စွာဘုရားက တောင်းရမ်းစားသောက်သူ ဗုဒ္ဓဘာသာပါတဲ့။
ခန္ဓာကိုယ်မှာ အသိ၊ဘာသာရေးအသိဓာတ်ခံ အားနည်းတော့ လိမ်စားနေတဲ့ သူတွေက
လိမ်လို့ကောင်းနေပါတယ်။ ဘုရားလည်း ကိုးကွယ်ရသေး၊ တရားလည်း ကိုးကွယ်ရသေး၊
ဆွမ်းဦးကိုလည်း လောင်လှူရသေး သာသနာတော်ကိုလည်း သင်္ကန်း ဆွမ်းကျောင်းဆေး ၊ပစည်းလေးပါးနဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး။ ဘာအတွက် ဒါတွေ လုပ်နေရတာလဲဘာအတွက် သာသနာကို ချီးမြှောက်နေတာလဲ၊ ဘာအတွက် ကျောင်းဆောက်နေတာလဲ ။
စဉ်းစားပါ၊ ဝေဖန်ပါ၊ သုံးသပ်ပါ။

(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ

သဒ္ဓါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဓါတရားကို အရင်းခံပါတယ်။ သဒ္ဓါတရားဆိုတာ
ယုံကြည်ချက်ပါ။ ဘုရား၊တရား၊ သံဃာာကို တကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။
ဘုရား၊ တရား၊ သံဃာကို ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့သမ္မာသဒ္ဓါ နဲ့ မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဓါဆိုပြီး
နှစ်မျိုးရှိပါတယ်။ သမ္မာသဒ္ဓါဆိုတဲ့ မှန်မှန်ကန်ကန်ယုံကြည်ချက် ဆိုတာ
သစ္စာာတရား သိတော်မူတဲ့ မြတ်စွာဘုရားဟာ ဝေနေယျ သတ္တ၀ါတွေကို သူသိသကဲ့သို့
မေတ္တာ ဂရုဏာတော်အပြည့်နဲ့ သစ္စာာလေးချက် အနက်ကို ဟောကြားတော်မူခဲ့ပါတယ်။
ဒီတရားတော် အနက်တွေကို ပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့
အရိယာသူတော်စင်ကြီးတွေဟာ နိဗ္ဗာန်ဝင်စံသွားကြပါတယ်။ နိဗ္ဗာန်ဆိုတာ အိုနာသေလွတ်ရာပါ။ "အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ်ပါ၏" ဆိုတဲ့ယုံကြ ည်ချက်ဟာမှန်သောယုံကြည်ချက်။

တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ။ မြတ်စွာဘုရားဟော်တော်မူခဲ့တဲ့
တရားတော်ကို ကြိုးစားမယုတ် ပွားများအားထုတ်လိုက်လို့တရားလမ်းကြောင်းအတိုင်း မဂ္ဂင်လမ်းအတိုင်းသာလျှောက်သွားရင်
နှိဗ္ဗာန်ရောက်ပါမည်။ ထိုအသေလွတ်ရာ ပို့ဆောင်တာဟာ တရားက ပို့ဆောင်တာပါ။
ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ပါဘူး။ တရားတော်ကို မှန်သောယုံကြည်မှု။
ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာာရဲ့ 
ကျေးဇူးပါ။ ဘုရားရှင် ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊
သုတ်ဝိနည်း အဘိဓမ္မာတရားတွေ ဒီတရားတွေကို သံဃာာတော်တွေက ဆောင်ထားတာပါ။

ပိဋကသုံးပုံကို သံဃာတော်တွေက စောင့်ရှောက်ထားတာပါ။ သံဃာာတော်ကို
ယုံကြည်မှု။ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန်ယုံကြည်တဲ့ သမ္မာသဒ္ဓါ ယုံကြည်မှု။
မိစ္ဆာသဒ္ဓါယုံကြည်မှုက လာဘ်လာဘပေါတယ်။ အန္တရာယ်ကင်းတယ်ဆိုပြီးကိုးကွယ်ယုံကြည်နေတာဟာမိစ္ဆာသဒ္ဓါ။လာဘ်လာဘပေါတယ်ဆိုတဲ့ လာဘဗုဒ္ဓဘာသာယုံကြည်ချက်၊ အန္တရာယ်ကင်းအောင်ဆိုပြီး ဘယဗုဒ္ဓဘာသာတွေရဲ့  ယုံကြည်မှု

ဗုဒ္ဓရဲ့  ဂုဏ်တော်ကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာရမ်းဦးတိုက်ရတဲ့ ကုလဗုဒ္ဓဘာသာတွေရဲ့  ယုံကြည်မှု ဒါတွေက မိစ္ဆာသဒ္ဓါတွေပါ။
အသေလွတ်ရာလမ်းကို ပြတတ်လို့၊ အသေလွတ်ရာကို ပို့ဆောင်နိုင်လို့ ၊
အသေလွတ်ရာ တရားကို ဆောင်ထားနိုင်လို့ ရတနာသုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့
သမ္မာသဒ္ဓါ ။ အနှစ်သာရမရှိတာကို မရှိဘူးလို့ သိတယ်။ အနှစ်သာရ ရှိတာကို
ရှိတယ်လို့ သိတယ်။ မှားတာကို မှားတယ်လို့သိတယ်။ မှန်တာကို မှန်တယ်လို့
သိတယ်။ သိတဲ့အပြင်၊ အမှားလမ်းကို ရှောင်၊ အမှန်လမ်းကို ဆောင်တာသည့်
သမ္မာသဒ္ဓါ ရှိတဲ့ သဒ္ဓါဓိက ဗုဒ္ဓဘာသာပါ။

(၅)ပညာဓိက ဗုဒ္ဓဘာသာ

ပညာဓိက ဗုဒ္ဓဘာသာဆိုတာ သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ခေါ်တာပါ။
သဒ္ဓါဓိက ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ်။ တရားတော်ကို ဘယ်လိုယုံတာလည်းဆိုတော့ ရမ်းယုံတာမဟုတ်ဘဲ ခန္ဓာသိနဲ့ အသေအချာ သိပြီး ယုံတယ်။ ထိုသို့
သိတာကို ပညာဟု ခေါ်ပါတယ်။ သစ္စာလေးပါးတရားတော်ကို အသေအချာ ပညာသိနဲ့ သိတဲ့ဗုဒ္ဓဘာသာ၊ ဖြစ်မှုပျက်မှုတွေကို သိတဲ့ဗုဒ္ဓဘာသာ ဖြစ်ပျက်မြင်တာ ခန္ဓာက
မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာက မြင်တာပါ။ ပညာဓိက ဗုဒ္ဓဘာသာပါ။

ဘုရားက မင်းတို့ခန္ဓာထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတယ် လို့ ဟောခဲ့ပါတယ်။
ဒါကို ကိုယ်တိုင် သစ္စာတရားတော်ကို သေချာသိပြီး ကျင့်ကြည့်လိုက်တော့
မြင်တယ်။ ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ ယုံကြည်တာက သဒ္ဓါ၊
ဖြစ်ပျက်မြင်တာက ပညာ။ ထို့ကြောင့် သဒ္ဓါနဲ့ ပညာ သွားပြီး တွဲနေပါတယ်။
သဒ္ဓါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။
သဒ္ဓါတရား မှန်မှန်ကန်ကန် နဲ့ သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ ကူးမြောက်နိုင်၏။

တို့မှာအပါယ်မျိုးစေ့တွေ၊အပါယ်ကျကြောင်းကံတွေ လုပ်ထားတာရှိတယ်။
ဒါတွေကို ဘယ်သူမှ ၀င်တားလို့ မရပါဘူး။ သူ့ကိုတားချင်ရင်၊ သူ့ကို
အကျိုးမပေးစေချင်ရင် ဘာနဲ့ ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့ ဖြတ်ရပါမယ်။ ဥာဏ်နဲ့

ဖြတ်လိုက်လို့ ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဓါလည်း ပါတယ်၊

ပညာလည်း ပါပါတယ်။ ဒါသည် သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။

သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်းစား ဗုဒ္ဓဘာသာပါ။

ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သော ဘုရာရှိခိုး

ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သော ဘုရာရှိခိုး

သြကာသ ၊ သြကာသ ၊ကာယကံ ၊ ၀စီကံ ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာပထမ ၊ ဒုတိယ ၊ တတိယ ၊ တစ်ကြိမ် ၊နှစ်ကြိမ် ၊သုံးကြိမ် မြောက်အောင် ဘုရားရတနာ ၊ တရားရတနာ ၊သံဃာရတနာ ၊ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏အရှင်ဘုရား ။ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး ၊ ကပ်သုံးပါး ၊ ရပ်ပြစ်ရှစ်ပါး ၊ ရန်သူမျိုးငါးပါး ၊ ၀ိပတ္တိတရားလေးပါး ၊ ဗျဿနတရား ငါးပါး တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ နိဗ္ဗါန်ချမ်းသာ တရားတော်မြတ်ကို ရပါလို၏အရှင်ဘုရား။
အနက် ။ ။ သြကာသ သြကာသ ၊သြကာသ - ရှိခိုးပါရစေ အခွင့်ပြုတော်မူပါ (၃) ကြိမ် ။
ကာယကံ ၊၀စီကံ ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပစေခြင်းအကျိုးငှာ - ကိုယ်ဖြင့် ပြုမူပြစ်မှားမိခဲ့သော ကာယအမူ၊ နှုတ်ဖြင့် ပြောဆိုပြစ်မှားမိခဲ့သော ၀စီအမှု ၊ စိတ်ဖြင့်ကြံစည်ပြစ်မှားမိခဲ့သော မနောအမှု စသည့် ထိုကံသုံးပါးတွင် တစ်ပါးပါး သော ကံတို့ဖြင့်

ဘုရား၊ တရား၊ သံဃာ၌လည်းကောင်း ၊ ဆရာသမား မိဘ ဘိုးဘွား အစရှိသော လူကြီးသူမများ၌ လည်းကောင်း ပြစ်မှားမိခဲ့လျှင် ကင်းရှင်းပြေပျောက်ပါစေခြင်း အကျိုးငှာ ၊ ပထမ ၊ဒုတိယ ၊တတိယ ၊ တစ်ကြိမ် ၊နှစ်ကြိမ် ၊သုံးကြိမ်မြောက်အောင် - ပထမက ဒုတိယ ၊ ဒုတိယက တတိယ ၊ တစ်ကြိမ်က နှစ်ကြိမ် ၊ နှစ်ကြိမ်က သုံးကြိမ်တိုင်အောင် ဘုရားရတနာ ၊ တရားရတနာ ၊ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ၊ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏အရှင် ဘုရား ။
ဟိတ်ဟန်မပြ မာန်မာန လျော့ချ၍ ကြည့်ရှုဖူးမြော် ကန်တော့ပါ၏ အရှင်ဘုရား ။

ကန်တော့ရသော အကျိုးအားကြောင့် - ဤကန်တော့ရသော ကုလိုလ်အကျိုးအား အစွမ်းကြောင့် ၊ အပါယ်လေးပါး - (၁) ကုသိုလ်ကောင်းမှု များစွာပြုခွင့်မရကြသော ငရဲကြီးများဖြစ်ကြသည့်

(က) အကုလိုလ်ကံ မကုန်သေးသမျှတစ်ခါတည်း သေကြေပျောက်ပျက်မသွားဘဲ ထပ်ခါထပ်ခါ အသက်ရှင်လျှက် ငရဲထိန်းတို့၏ ခုတ်ဖြတ်မှုကိုသာ ပြင်းစွာခံကြရရှာသော သိဉ္စိုးငရဲ ၊

(ခ) ငရဲသားတို့ကို ငရဲထိန်းတို့က သားကောင်ကို ခွေးတွေ လိုက်သလို အတင်းလိုက်ကြပြီး မောဟိုက်သွားသည့်အခါ သစ်တုံးကြီးကို သစ်ရွေသမားတို့က ခုတ်ရွေကြသကဲ့သို့ ကျကျနန မျဉ်းကြိုးချ၍ ပက်လက်တစ်မျိုး ၊ မှောက်လျက်တစ်မျိုး ၊ ၀ဲယာတစ်မျိုး ၊ ရှေ့နောက်တစ်မျိုး အားဖြင့် အကုလိုလ်ကံ မကုန်သေးသ၍ လွတ်ခွင့်မရနိုင်ကြ ဘဲ အမျိုးမျိုးခုတ်ရွေခံကြရသည့် ကာဠသုတ်ငရဲ ၊

(ဂ) အောက်မြေအပြင်မှာ မီးလျံတွေထလျှက် အထု (၉) ယူဇနာရှိသော သံမြေပြင်ကြီးဖြစ်၌ ငရဲသားတို့ဟာ ထန်းပင်ငုတ်လေးတွေစိုက်ထားသလို ခါးထိအောင်စိုက်ထားခြင်းခံရပြီး အရှေ့အရပ်မှ လာသော သံတောင်ကြီးက စားမည်ဝါးမည်ဆိုနေသလို တဒိန်းဒိန်း တခြိမ်းခြိမ်းမြည်ဟီးလျက် ကြိတ်ကာကြိတ်ကာ အနောက်အရပ်သို့ သွားပြီး ၊ နောက်တောင်အရပ်မှ သံတောင်ကြီးက ထိုနည်းအတိုင်းပင် ကြိတ်ကာကြိတ်ကာမြောက်အရပ်သို့သွားပြီးလျှင် အနောက်အရပ်သို့ ရောက်ပြီးသော သံတောင်ကြီးကလည်း အရှေ့အရပ်သို့ကြိတ်ကာကြိတ်ကာပြန်၍လာခြင်းဖြင် အရပ်လေးမျက်နှာမှသံတောင်တွေ သန်းဥတုတ်သလို ဖိနှိပ်ကြိတ်ချေသော်လည်း အကုသိုလ်ကံ မကုန်သမျှငုတ်စုစု ပေါ်ထွက်လျက် ဆက်ကာဆက်ကာ အကြိတ်ခံရရှာသော သံဃာတငရဲ ၊

(ဃ) မိးတောက်တို့သည် တ၀ုန်းးဝုန့်း ထလျက် ငရဲသို့ကျရောက်သူတို့၏ ဒွါရ (၉) ပေါက်မှ အတင်းဝင်ရောက်လောင်ကျွမ်းသဖြင့် အလွန်အားငယ်စွာ တစာစာအော်ကြရရှာပြီး ပြင်းစွာငိုကြွေးခြင်းဖြင့် မီးတောကမီးလျှံ အလောင်ခံနေကြရသေ ရောရုာဝငရဲ ၊ (င) မီးခိုးတို့တစ်ငရဲလုံးဖုံး
လွမ်းနေပြီး ငရဲသို့ကျရောက်သူတို့ကို မီးခိုးတို့ကအတွင်းအပြင် အတင်းဝင်၍ နှူးနှပ်ကြသောကြောင့် ငရဲသူ ငရဲသားတို့မှာ ဘာမှနတတ်နိုင်ကြတော့ပဲ သနားစဖွယ် အားငယ်စွာ အော်နေကြရရှာသော မဟာရောရုဝငရဲ ၊

(စ) ငရဲသို့ကျရောက်သော သတ္တ၀ါများကို ထန်းလုံးလောက်ကြီးမား၍ မီးလျှံထသော သံတံကျင်၌ မလှုပ်နိုင်အောင် စိုက်ထားပြီးလျှင် ထိုသံတံမှ ထွက်သော မီးလျှံတို့က အမြဲပူလောင်စေတတ်သော တာပနငရဲ ၊

(ဆ) မီးလျှံထနေသော သံတောင်ကြီးနှင့် ထိုသံတောင်၏အောက်ခြေ၌ သံတံကျင်တွေစိုက်ထူထားပြီး ငရဲသူငရဲသားတို့ကို ငရဲထိန်းတို့က သံတောင်ပေါ်သို့ မတက်တက်အောင် ရိုက်နှက်၍ တင်ကြပြီး သံတောင်ပေါ်သို့ရောက်သောအခါ ကံကြမ္မာအလျောက် လေမုန်တိုင်းပေါ်ပေါက်၍ ထိုလေမုန်တိုင်းက တောင်ခြေ၌ရှိသော တံကျင်ပေါ်ရောက်အောင် တိုက်လွှင့်ချလိုက်သဖြင့် တံကျင်အဖျား၌ ကား
ခနဲ စူးဝင်ခြင်းခံကြရရှာသော မဟာတာပန ငရဲ

၊(ဇ)မီးတောကိမီးလျှံများ အကြားမရှိပဲ တစ်ငရဲလုံးမီးလျှံများဆက်နေပြီးငရဲသားချင်းလည်း ၀ါးကျည်တောက်အတွင်း မုန်ညှင်းစေ့ကလေးတွေ ပြည့်ကျပ်နေသကဲ့သို့ အကြားမရှိပြည့်ကျပ်နေအောင် ဆင်းရဲဒုက္ခ အကြားအရှိ ၊ ဒုက္ခမှ လွတ်ကင်း၍ ချမ်းသာခွင့် လုံးဝမရနိုင်ဘဲ မီးလျှံ ၊ သတ္တ၀ါ ၊ ဆင်းရဲခြင်း ဒုက္ခဤသုံးမျိုးတို့ဆက်စပ်နေသော အ၀ီစိငရဲတို့နှင့် ထို ငရဲတစ်ထပ်တစ်ထပ်၌ ဘင်ပုပ်ငရဲ ၊ ပြာပူငရဲ ၊ လက်ပံတောငရဲ ၊ သန်လျက်ရွက်တောငရဲ ၊ဝေတ္တရဏီ“ သံရည်မြစ်ငရဲ ၊ ဟု တံတိုင်းခတ်သကဲသို့ ရံပတ်၍နေသော ငရဲအရပ်၌ ကျရောက်ရခြင်းလည်းကောင်း ၊ (၂) ဆင် ၊မြင်း ၊ ကျွဲ ၊ နွား ၊ ခွေး ၊ ကြက် ၊ ငှက် ငါးလိပ်စသော ကုန်းနေ ရေနေ အခြေလေးချောင်း ၊ အခြေနှစ်ချောင်း ၊ အခြေအများ သတ္တ၀ါတို့နှင့် မြွေ စသော အခြေမရှိသော သတ္တ၀ါများဖြစ်ကြသည့် တိရစ္ဆာန် အဖြစ်ရောက်ရခြင်းလည်းကောင်း ၊ (၃) တစ္ဆေ ၊ မှင်စာ ၊ သရဲ သဘက် အစိမ်းဖုတ်ကောင် ၊ကျတ်ကောင် စသည့် ပြိတ္တာ ဖြစ်ရခြင်းလည်းကောင်း ၊(၄) ပြိတ္တာအကြီးစားများ ဖြစ်ကြပြီး နေ့စံညခံ ၊ ညခံနေ့စံ စသည်ဖြင့်လည်း ခံနေကြရရှာသော အသူတကာယ် အရပ်၌ ကျရောက်ရခြင်းလည်းကောင်း ၊ ကပ်သုံးပါး - (၁) တုတ် ဓါး သေနတ် ဗုံး အမြောက် စသောလက်နက်ဖြင့် သေကြေပျက်စီးရခြင်း (သတ္တန္တရကပ် ) ၊ (၂) ပလိပ်ရောဂါ ၊ ကာလရောဂါ ၊ ကျောက်ရောဂါ ၊ အဖျားရောဂါ စသည်ဖြင့် ကူးစက်မြန်သောကြောင့်မြို့နယ်အနှံ့ သေကြေပျက်စီးရခြင်း (ရောဂန္တရကပ်) ၊(၃) မြို့နယ်အနှံ့အပြားတို့၌ အစားအသောက်ပြတ်ငတ်၍ သေကြေပျက်စီးရခြင်း ( ဒုဗ္ဘိက္ခန္တရကပ် ) တို့နှင့် ကြံကြိုက်ရခြင်းလည်းကောင်း ၊

ရပ်ပြစ်ရှစ်ပါး - မဂ်ဖိုလ်ရအောင် တရားအားထုတ်ခွင့်မရခြင်းကြောင့် အပြစ်ဖြစ်သော အရပ်ေးသများဖြစ်ကြသည့် (၁၊၂၊၃) ဘုရားပွင့်နေဆဲအခါ ငရဲ ၊ တိရစ္ဆာန် ၊ပြိတ္တာ စသော အပါယ်အရပ် ( အသူတကယ်ကို ပြိတ္တာမျိုး၌ယူ ) ၊ (၄) ဘုရားရှင်ပွင့်ဆဲ ဘုရားရှင်ကိုမဖူးတွေ့နိုင် ၊ တရားမနာနိုင်ကြရှာသော ခန္ဓာကိုယ်သာရှိ၍ စိတ်ဝိညာဏ်မရှိသော အသညသတ်ဗြဟ္မာများနှင့် စိတ်ဝိညာဏ်သာရှိပြီး ခန္ဓာကိုယ်မရှိသော အရူပဗြဟ္မာများဖြစ်ကြသည့်
ဒီဃာယုနတ်တို့အရပ် ၊ (၅) အစွန်အဖျား တောတောင်အကြား လူရိုင်းများနေသည့် ပစ္စ န္တရာဇ်အရပ် ၊ (၆) ဘုရားပွင့်ဆဲအခါ မိစ္ဆာဒိဋ္ဌိရှိနေခြင်း ၊ (၇) ဘုရားပွင့်ဆဲအခါ တရားနာလည်းလောက်သော ဥာဏ်မရှိသူ ၊(၈) တတ်သိနားလည်လောက်သော ဥာဏ်ရှိသော်ငြားလည်း ဘုရားမပွင့်သောအခါလူ ဖြစ်ရခြင်းလည်းကောင်း ၊

ရန်သူမျိုးငါးပါး- (၁) ရေ ၊(၂) မီး ၊ (၃) ခိုးသူ ၊(၄) အမွေခံသားဆိုး သမီးဆိုး (၅) မင်းဆိုး စသည့် ဘေးငါးမျိုးနှင့်ကြုံတွေ့ရခြင်းလည်းကောင်း ၊ ၀ိကတ္တတရားလေးပါး - ဖောက်ပြနချို့ယွင်းခြင်း ၊ ပျက်စီးခြင်းဟုဆိုအပ်သော (၁) မင်းဆိုး မင်းယုတ်အုပ်စိုးသောအခါ ဖြစ်သည့် ကာလ၀ိပတ္တိ ၊(၂) အအပါယ်လေးပါးတို့၌ဖြစ်ရခြင်း စသည့်မကောင်းသော ဂတိဖြစ်၍ ဂတိဝိပတ္တိ ၊ (၃) ရုပါအဆင်းအင်္ဂါချို့တဲ့ခြင်းစတဲ့ ဥပဓိဝိပတ္တိ ၊(၄) အသိအလိမ္မာ ဥာဏ်ပညာ သတိဝီရိယမရှိပဲ ပြုမူ ၊ပြောဆို
ကြံစည်မူ ပယောဂ၀ိပတ္တိ စသည့်မကောင်းသော အဖြစ်ဆိုးတို့နှင့်လည်းကောင်း ၊ဗျဿနတရားငါးပါး - (၁) ဆွေမျိုးပျက်စီးခြင်း ဥာတိဗျဿန ၊(၂) စည်းစိမ်ဥစ္စာ ပျက်စီးခြင်း ဘောဂဗျဿန ၊(၃) အနာရောဂါဖြစ်ခြင်း ရောဂဗျဿန ၊(၄) မှားယွင်းသော မိစ္ဆာအယူကိုယူခြင်း ဒိဋ္ဌိဗျဿန ၊ (၅) သီလပျက်ခြင်း သီလဗျဿန စသောပျက်စီးခြင်းတို့နှင့် ကြုံတွေ့ရခြင်း ဟူသော ၊ အခါခပ်သိမ်းကင်းလွတ်ငြိမ်းသည်ဖြစ်၍ -ဤမကောင်းသော တရားတို့မှ အခါခပ်သိမ်းကင်းလွတ်ငြိမ်းသည်ဖြစ်၍ ၊ မဂ်တရား - သောတာပတ္တိမဂ် ၊ သကဒါဂါမိမဂ် ၊ အနာဂါမိမဂ် ၊ အရဟတ္တမဂ် ၊ ဖိုလ်တရား - သောတာပတ္တိဖိုလ် ၊ သကဒါဂါမိဖိုလ် ၊ အနာဂါမိဖိုလ် ၊ အရဟတ္တဖိုလ် ၊ နိဗ္ဗါန်ချမ်းသာ - ခန္ဓာအသစ် တစ်ဖန်မဖြစ်ရာ ၊သေခြင်းသဘောလည်း မရှိရာ ၊ ဒုက္ခအပေါင်းမှလည်း ကင်းဝေးရာ အမြတ်ဆုံးချမ်းသာဖြစ်သည့် နိဗ္ဗါန်စသော ၊ တရားတော်မြတ်တို့ကို သံသရာ၌ ကြာရှည်စွာ မကျင်လည်ရတော့ပဲ အမြန်ဆုံး ရရပါလို၏ အရှင်ဘုရား ။

ဓမ္မဒါနပြုသည် - ဟိန်း
www.anantametta.org မှတဆင့်ကူးယူဖေါ်ပြပါသည်.။

Monday, May 4, 2015

ချင်းပြည်ကအပင်များ. နံသာနီပင်နဲ့ ရွေးကြီးပင်

ချင်းပြည်ကအပင်များ.
နံသာနီပင်နဲ့ ရွေးကြီးပင်
တနေ့က ဌာနက ဆရာလေး ဦးဗန်ဗျတ်လွယ်က နံ့သာနီပင် အပင်ပေါက်လေးတွေရနိုင်တယ် ဆရာ ရွာမှာ အပင်ပေါက်တပင် ၁၀၀၀ ကျပ်ဆိုပြီး ဖုံးဆက်လာပါတယ်။ နံ့သာနီပင်ဆိုတာ အလွန်ရှားလှတာမို့ ၃ ပင်ဝယ်ခဲ့လို့ ခိုင်းလိုက်မိတယ်။ ဌာနမှာစိုက်ရအောင်လို့လေ၊ နောက်ရက် အပင်ပေါက်လေးတွေရောက်လာတော့ နံ့သာနီပင်မဟုတ်ဘဲ ရွေးကြီးအပင်ပေါက်လေးတွေဖြစ်နေတာကို တွေ့ရတယ်။ ဒီဖက်အရပ်က ရွေးကြီးနဲ့နံ့သာနီကို ရောထွေးနေတာတွေ့ရပါတယ်။ ရွေးကြီးပင်ရဲ့ သိပ္ပံအမည်က Adenanthera pavonina L., Sp.Pl.384.1753. ဖြစ်ပြီး မျိုးရင်းက ကုက္ကိုမျိုးရင်း Mimosaceae ထဲကပါ၊ မြန်မာလို ရွေးကြီး ခေါ် ရွေးနီလို့ခေါ်ပြီး English name အားဖြင့် Coral wood bead tree ခေါ်ကြပါတယ် ပန်းပွင့်ချိန်က August. ကနေ December လအထိပါ၊ အပင်ကြီးမျိုးဖြစ်ပြီး အကိုင်းအခက်တွေက ရင့်မာလာရင် ၀ါညိုရောင်သန်းလာပါတယ်၊ အရွက်က ၂ ဆင့်ငှက်မွှေးရွက်ပေါင်းဖြစ်ပြီး ရွက်မွှာ ၄ ခုကနေ ၁၁ ခုအထိပါတတ်ပါတယ် ထူး ခြားချက်ကိုပြော ရင်ရ ရွက်မွှာအရင်းလေးတွေက မညီကြပါဘူး။ ပန်းခိုင် ကြားထွက် ထိပ်ထွက် spiciform raceme ပုံစံပါ ၊ ရင့်မာခြင်းကိုလိုက်ပြီး အ၀ါရောင်ကနေ အဖြူရောင်ပြောင်းတတ်ပါတယ်၊ ပန်းပွင့်လေးတွေကတော့ အရမ်းသေးငယ်လှပြီး ပန်းခိုင်တခုမှာ ရေတွက်မရလောက်အောင် များစွာပါပါတယ်။ ပွင့်ဖတ် ပွင့်ချပ် ၅ ခုစီပါပေမဲ့ ၀တ်ဆံဖို ၁၀ ခုထဲပါတာကလည်းထူးခြားလှတယ်၊ အသီးကတော့ပုံမှာပြထားတဲ့အတိုင်း linear-falcate ပုံစံပါ။ ရင့်မဲ့ရင် တွန့်လိမ်ပြီး အက်ကွဲပါတယ်။ အစေ့က အသီးတောင့် တခုမှာ ၈ စေ့ကနေ ၁၀ စေ့အထိပါပါတယ် ။ အသီးအညှာကထင်ရှားလှတယ်၊ အစေ့အရောင်ကတော့ စွဲမက်ဖွယ် scarlet -red colour ပါ။ ရွေးကြီးပင်ဟာ Myanmar, India, Thiland, Malaysia, China, Ceylon , Tropical Asia မှာမှာ ပေါက်တယ်လို့ Dassanayake 1980 ရဲ့ Flora of Ceylon. ထဲမှာဖော်ပြထားပါတယ်၊ အသုံးပြုပုံအနေနဲ့တော့ အနီရောင်ဆိုးဆေးကို သစ်သားမှထုတ်ယူနိုင်တယ်လို့ဆိုပါတယ်။ လူတိုင်းသိတဲ့အချက်တခုကတော့ရွေးကြီးစေ့ကို ရွှေချိန်တဲ့နေရာမှာသုံးတာပါဘဲ။ မလေးမှာတော့ ဒီအပင်ကို saga လို့ခေါ်ဝေါ်ကြပါတယ်။ အရှင်နာဂသိမ်ဆေးကျမ်းတွင်မူ အစေ့မှုန့်ကိုလိမ်းသော် အနာအဖုများအမြန်မှည့်၏ အရွက်ပြုတ်ရည်သည် အဆစ်အဆက်တို့၌ဖြစ်သော လေ ၀ါတရက်နာ ခါး၌ဖြစ်သော လေတို့ကိုပျောက်စေ၏ ပြုတ်ရည်ကို ကြာရှည်စွာသောက်ခဲ့သော် ကာမအားကိုတိုးစေ၏ ထို့ပြင်အူတွင်ဖြစ်တတ်သော သွေးယုစီးခြင်း ဆီးနဲရော သွေးပါခြင်းတို့ပျောက်ကင်းစေ၏ လို့ရေးသားထားတာမှတ်သားရပါသည်၊
တကယ်တော့ ရွေးနီပင်နဲ့ နံ့သာနီပင် ကို လွဲမှားနေခြင်းက အဆန်းတော့မဟုတ်လှပါ ဆရာတော်၏ ကျမ်းထဲမှာပင် ထို ၂ ပင်ကို လွဲမှားခဲ့ဖူးကြောင်း ရေးသားဖော်ပြ ထားပါတယ်။ နံ့သာနီပင်အမှတ်နဲ့ဝယ်လာတဲ့ အပင်ဟာ တကယ်တန်းကြတော့ ရွေးပင်ဖြစ်နေတာကိုလည်း ဆရာတော်ကရှင်းပြထားပါတယ်။ ရွေးနီကို သက္ကတ ဘာသာစကားဖြင့်ရက္ကသာရ ခေါ် အနှစ်အနီပင် ရတ္တဗီဇ ခေါ် အစေ့နီပင် ဖော်ပြထားပါတယ်။ ထို့အတူ နံ့သာနီပင်ကိုလည်းရက္ကသာရ ၊ ရတ္တဗီဇ လို့ သ္ကတ ဘာသာစကားဖြင့်ဖော်ပြထားရာ ဤ ၂ ပင်သည် အတူတူပင်လို့ ရောထွေးနိုင်ပြန်ပါတယ်။်
တကယ်တော့ နံ့သာနီပင်သည် ပိတောက် မျိုးနွယ်Family Fabaceae သာဖြစ်ပြီး သိပ္ပံအမည်မှာ
ေPterocarpus santalinus L., ဖြစ်ခါ Red sandalwood. လို့ သိကြပါတယ်၊ အများအားဖြင့် India မှာဘဲရှိတတ်ပြီးစံနစ်တကျထိမ်းသိမ်းထားခံထားရတဲ့အပင်ပါ။ အခြားနိုငိငံတွေကိုအသယ်မခံပါဘူး။ အပွင်ပုံစံက တကယ့်
ွ့ပိတောက်ပန်းနဲ့တူနေပါတယ်၊မသိရင် ပိတောက်ပင်ပါဘဲ။ အရာအားလုံး အတော်များများ တူနေသော်လည်း ရွက်မွှာအရေအတွက် ကွဲပြားပါသည် ပုံမှာကြည့်ပါ နံ့သာနီမှာ ရွက်မွှာ ၃ ခုသာပါသည်ကိုမြင်နိုင်မှာပါ။ ပုံကို Fame ကထုတ်တဲ့ medicinal plants စာအုပ်ထဲက ယူထားပါတယ်။ ဒီအပင်ရဲ့ native ကတာ့ India နိုင်ငံကပါ။ နီပေါနိုင်ငံမှာတော့ sandlewood ဟာ အကျိုးအမြတ်များစေသော မှောင်ခိုကုန်စည်တမျိုးလည်းဖြစ်နေပါတယ်။ နှစ်စဉ် တရုပ်ဖက်ကို မှောင်ခိုတင်သွင်းနေတာလည်း ဖြစ်ပါတယ်၊ သမိုင်းကြောင်းမှာတော့ တရုပ်ပြည် ming နှင့် Qing မင်းဆက်ကတည်းက အသုံးပြုခဲ့တယ်လို့သိရပါတယ်။ ဟိန္ဒူဘာသာဝင်များကတော့ ဒီအသားဟာ ရိုးရာအရ အလေးအမြတ်ထားရသော သစ်သားလို့ ဆိုနိုင်ပါတယ်။ ဘုန်းကြီးများနှင့် ဇတ်မြင့် ဟိန္ဒူလူမျိုးများသာ အသုံးပြုကြပြီး ဘာသာရေးဆိုင်ရာ ပွဲတွေမှာ အထူးအလေးထားအသုံးပြုကြတာပါ။ India ဖက်ကလာတဲ့ နံ့သာနီ အသားတွေထဲမှာ တခါတလေ ရွေးကြီး ပင်ရဲ့အသားများရောထွေးပါလာတတ်တယ်လို့ မိတ်ဆွေတဦးကပြောပြပါတယ်။ သစ်သားကို ၀ါဂွမ်းစနဲ့ပွတ်ဆွဲကြည့်ရင် အနီရောင်သန်းနေတတ်ပြီး စူးရှရနံ့ပြင်းတယ်ဆိုပါတယ်၊ ရွေးကြီးသားမှာ အဲဒီသတ္တိ မရှိပါဘူး။ ဒီအသားကိုရေစိမ်ရင်လည်း အနီရောင် အရည်များထွက်ပါတယ်။ တန်ဖိုးကြီးလွန်းလှတဲ့ ဒီသစ်သားကြောင့် ဒီအပင်ဟာ ခုတ်ယူသတ်ြုဖတ်ခြင်းခံနေရပြီး Endangered species အဖြစ်သတ်မှတ်ခြင်းခံထားပါတယ်။ ဒါ့ပြင် ဈေးအလွန်တန်ပါတယ် တိုင်းရင်းဆေးဖေါ်စပ်ရာမှာ အရေးပါသော ဆေးဝင်ပစည်း တခုပါဘဲ။ ကလေးတက္ကသိုလ် ရောက်စက မိတ်ဆွေတွေအမှာဆုံးပစ္စည်းတခုကတော့ နံ့သာဖြူ ယပ်တောင်ဖြစ်ပြီး တခြောင်းကို အနဲဆုံး ၂၀၀၀၀ ကနေ ၃၀၀၀၀ လောက်တန်တာမို့ ခတ်မဆိပ်နေရပါတယ်။ လစာနဲ့မလောက်တော့ ဈေးမေးပြီး အခြားဟာလေးတွေပေးရတာပေါ့။ နံ့သာနီ နဲ့ နံ့သာဖြူက အပင် မတူပါဘူး။ နံ့သာယပ်တောင် မောင့်လက်ဆောင်တော့ ပေးခြင်ပါတယ်ကွယ်

ချောင်းဆိုးသွေးပါ တီဘီအဆုတ်နာ

ချောင်းဆိုးသွေးပါ တီဘီအဆုတ်နာ
===================
===================
(တီဘီရောဂါလက္ခဏာ)
ချောင်းဆိုးနေ့စဉ်
ဖျားဝင်နေ့တိုင်း
ခေါင်းပိုင်းချွေးထွက်
ကြောတက်ရင်နာ
သွေးပါလာလျှင်
ဤခြောက်အင်
ဖြစ်စဉ်အဆုတ်နာ။
ဘာဖြစ်လို့ တီဘီရောဂါဖြစ်တာလဲ ဆိုရင်---
အဆုတ်ရောဂါ ဝေဒနာရှင်က တီဘီရောဂါပိုး ကူးစက်တတ်ပါတယ်။ မသန့်တဲ့ အစားအစာတွေ စားတာရယ်၊ ဆေးလိပ်သောက်သူ၊ မူးယစ်ဆေးစွဲနေသူတွေနဲ့ ဖုန်မှုန့်တွေနဲ့ အလုပ်လုပ်နေရသူတွေ တီဘီရောဂါ အဖြစ်များပါတယ်။ ပြီးတော့ အပူအစပ်တွေ အစားများတဲ့သူ၊ ဆီနဲ့ကြော်လှော်ထားတဲ့ အစားအစာတွေ ပူပူနွေးနွေး စားတဲ့သူတွေ ဖြစ်တတ်ပါတယ်။
(နှစ်ခါ သုံးခါပြန် ကြော်ထားတဲ့ ညှော်ဆီတွေကို စားမိတဲ့လူဟာ အအေးပတ်ဖွဲ့တဲ့ လရာသီမှာ စားမိရင် ချက်ချင်း လည်ချောင်းအတွင်းပိုင်းမှာ အဖုအပိမ့်တွေ ထလာပါတယ်။ အာသီး ရောင်လာပါတယ်။
နုနယ်တဲ့ ကလေးတွေကို ကျွေးမိရင် ဂဲဂဲ-ဂဲဂဲ နဲ့ ချောင်းဆိုးတော့တာပါပဲ။ အဲဒီဆီတွေဟာ ပြင်းထန်တဲ့အပူ ခံထားရတော့ အစာအိမ်ထဲ အခိုးထပါတယ်။ ချောင်းဆိုးပြီး ဖျားတော့တာပါပဲ။ အသက်အရွယ်ကလေး ရလာရင် နှစ်ခါကြော် သုံးခါကြော် ဆီတွေ မစားမိဖို့ အလွန်အရေးကြီးပါတယ်။)
ဘယ်သူတွေမှာ အဖြစ်များတုံး ဆိုရင်---
မီးယပ်သွေးဆုံးတဲ့ အမျိုးသမီးတွေ သတိပြုစရာ တခုပါပဲ။ သူတို့ ပျိုရွယ်စဉ်က သားအိမ်မှာ သွေးတွေနဲ့ စိုနေပြီး မီးယပ်သွေးမှန်မှန် လာနေတော့ ဘာမှမဖြစ်ဘူးပေါ့။ အဲ-မီးယပ်သွေးလည်း ဆုံးရော သားအိမ်မှာ မီးယပ်သွေး မရှိတော့တဲ့အခါ သားအိမ်မှာ အခိုးတွေထပူလာပါတယ်။ အဲဒီ အပူငွေ့ဟာ အစာအိမ်ကို ပင့်ရင် လေပူထ ပါတယ်။ ဦးခေါင်းပိုင်းထိ တက်လာရင် ဇက်ကြောတက်၊ နောက်ကြောတက်လာပါတယ်။ နှလုံးကို
လေပူပင့်တဲ့အခါမှာ မောလာတာပေါ့။ အိပ်လို့လည်း မပျော်ဘူး၊ တောင်တောင်ဤဤနဲ့ နှလုံးရောဂါလိုပေါ့။
မူလအရင်းအမြစ်က သားအိမ်မှာသွေးမရှိလို့ သားအိမ်ကပူပြီး အခိုးထတာပါ။ မြန်မာလို မီးယပ်သွေးဆုံး ကိုင်တာပါ။ လေပူဟာ ရင်ခေါင်းတက်ပြီး လာတဲ့အခါ ချောင်းဆိုးလာတော့တာပါ။
ချောင်းဆိုးတာကို ဖိဖိစီးစီး မကုရင် အဆုတ်မှာ အနာဖြစ်ပြီး တီဘီရောဂါ ဖြစ်မှာပါ။
ချောင်းဆိုးသွေးပါ အဆုတ်နာ တီဘီရောဂါကို ဘယ်လိုနည်းနဲ့ကုသရင် ကောင်းမလဲ---
ဆေးရုံကြီးတွေမှာ တီဘီရောဂါကုဌာနဆိုတာ ရှိပါတယ်။ ခေတ်သစ် ဆေးသိပ္ပံ တီဘီရောဂါပျောက် ဆေးစွမ်းကောင်းတွေ ကုသနည်းသစ် ပေါ်နေပြီ။ တီဘီရောဂါပိုး ရှိ-မရှိ သေချာစစ်ဆေးပြီး ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးကုသမှုခံယူမယ်ဆိုရင် ပျောက်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးလေးဆယ်လောက်က တီဘီဖြစ်ရင် သေတာပဲ၊ ခုခေတ်မှာတော့ တီဘီရောဂါ ပျောက်ဆေးတွေက
ကောင်းနေပါပြီ။
တိုင်းရင်းဆေးအနေနဲ့ကတော့---
မုရားကြီးရွက် ပြုတ်ရည်ကို ဆားကလေး အနည်းငယ်ခတ်ပြီး နံနက် အကြမ်းပန်းကန် တဝက်၊ ညနေ အကြမ်းပန်းကန် တဝက် မှန်မှန် တိုက်ကျွေးရင် ပျောက်ပါတယ်။
မကွေး ဝင်းမြင့်
============
မင်္ဂလာသတင်းစဉ်

အသားပက်၍ ခြေဖနောင့်ကွဲနေပါသလား ?

အသားပက်၍ ခြေဖနောင့်ကွဲနေပါသလား ?
ခြေဖနောင့်ကွဲခြင်း အတွက်ထိရောက်တဲ့ အိမ်တွင်းသဘာဝ ကုထုံးလေးတွေရှိပါတယ်။ စမ်းကြည့်နိုင်ပါတယ်။ ခြေထောက်ကြမ်း သူများလဲဥတုမ ရွေးလုပ်ဆောင်နိုင်ပါသည်။
၁။ သံလွင်ဆီ သို့ မဟုတ်အုန်း ဆီ ကို ညမအိပ်မှီ ခြေဖနောင့်ကိုလိမ်းပေးပါ။ မလိမ်းမှီ ခြေထောက်ကို သန့် စင်အောင်ဆေးဖို့ လိုပါတယ်။ ထို့ နောက် ချည်သားခြေအိတ်စွပ်၍ အိပ်လိုက်ပါ။
၂။ ငှက်ပျောသီး အမှည့် တစ်လုံးကို ခြေလိုက်ပါ။ ပြီးလျှင် စိမ့်ဝင်အောင် ပွတ်လူးပါ။ ၁၀ - ၁၅ မိနစ် ခန့် ထား ၍ ရေနွေးနွေးနှင့် ဆေးလိုက်ပါ။ ထို့ နောက်ရေအေးနှင့် ခနစိမ်လိုက်ပါ။ နေ့ စဉ်လုပ်ပေးနိုင်ပါသည်။ နူးညံ့အိစက်သော ခြေဖဝါး လေးဖြစ်လာပါလိမ့်မည်။
၃။ ပျားရည် တစ်ခွက်ကိုရေ တစ်ပုံးနှင့်ရော ပါ။ ခြေထောက်ကို ၁၅ မိနစ်မှ မိနစ် ၂၀ ခန့် စိမ်၍ တိုက်ချွတ်ပေးပါ။ တစ်ပတ် တစ်ခါ လုပ်နိုင်ပါသည်။
အထက်ပါနည်း ၃ မျိုးထဲမှမိမိနှင့် အဆင်ပြေသည့်နည်းကိုရွေးချယ်လုပ်ဆောင်နိုင်ပါသည်။
Dr.Marie
အမျိုးသမီးနှင့်ကျန်းမာရေး