မြန်မာနိုင်ငံ ရဟန္တာနှင့် ရဟန်းထူးများ ညောင်လွန့် ဆရာတော်ကြီး ခန္ဓာဝန်ချခြင်း****************************ပျော်ဘွယ်မြို့ ကျောင်းအမ ဒေါ်စော ဆောက်လုပ်လှူဒါန်းသော ကျောင်းကြီးအောက်ထပ်၌ လျောင်းတော်မူရာခုတင်တော်မှ ရွှေ့ပြောင်း၍ စာချတော်မူရာဖြစ်သော ကုလားထိုင်ခုံပေါ်၌ ထိုင်တော်မူလျက်တပည့်သံဃာတော် ပရိသတ်တို့အား တရားရေအေးအမြိုက်ဆေးကို တိုက်ကျွေးဟောပြောတော်မူပြီး ထိုခဏ၌ ကြွရောက်လာတော်မူသော မိမိထက် သိက္ခာတော်ကြီးတော်မူသော လယ်ဝေးမြို့ မြွေရိုးကြီးကျောင်းတိုက် ပဌမပတ္တဂိုဏ်းဆရာတော်ကြီး ဦးအာစရ, ပဌမကျော်တောရ ဆရာတော်ကြီး ဦးဇော်အရှင်မြတ်နှစ်ပါးတို့အားရှိခိုးကန်တော့ပြီး၍ မကြာမီ အေဒီ ၁၉၃၃ ဇွန်လ ၁၀ ရက်, စနေနေ့ (၁၂၉၅ ခုနှစ် နယုန်လပြည့်ကျော် ၃ ရက်နေ့) ညဥ့် ၁၁ နာရီ ငုတ်တုတ်ထိုင်တော်မူရင်း ပုတီးကိုကိုင်တော်မူကာ အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့်ချုပ်ငြိမ်း၍ နိဗ္ဗာန်ရွှေပြည်မြတ်သို့ ဝင်စံတော်မူလေတော့သတည်း။ပရနိဗ္ဗာန်မဝင်စံမီ တစ်နှစ်လောက်ကစ၍နတ်များ ပြာသဒ်ကြီးဖြင့်ပူဇော်လျက်လိုက်နေခြင်း~~~~~~~~~~~~~~~~~~ညောင်လွန့်ဆရာတော်ဘုရားကြီးသည် မိမိပရိနိဗ္ဗာန်မဝင်စံမီ ကတည်းကပင်လျှင် ထိုအကြောင်းတို့ကို မကြာမကြာ မိန့်တော်မူကြောင်း နောက်မှသတိရကြပါတော့သည်။ကျေးဇူးတော်ရှငိညောင်လွန့်တောရ ဆရာတော်ဘုရားကြီးသည် ပရိနိဗ္ဗာန်မဝင်စံမီ တစ်နှစ်လောက်ကပင် မကြာမကြာ အမိန့်ရှိတော်မူသည်မှာ ဘုန်းကြီးတို့ ဦးပဉ္ဇင်းတို့ ငါတို့တော့ မုချကြာကြာ မနေရတော့ဘူး။ ငါတို့မှာနောက်မှ ထက်ကြပ်မကွာ အမြဲသာလျှင် အလွန်တရာ အရောင်တောက်ပ တင့်တယ်လှပ ကြီးကျယ်လှသော ပြာသဒ်ကြီးသည် လိုက်လျက်သာနေသည်ကို မြင်လျက်သာနေသည်။ ဤသို့ ပြာသဒ်ကြီးကို မြင်ရသည်မှာ မကြာလှသေးဘူး, ယခုနှစ်မှသာ မြင်လာရသည်။ ထို့အတွက် ငါတို့တော့ မုချမနေရဘူးဟူ၍ ပရိနိဗ္ဗာန်ဝင်စံမည့် အေဒီ ၁၉၃၃ - (၁၂၉၅ခုနှစ်) မဆန်းမီ အေဒီ ၁၉၃၂ ခု (၁၂၉၄ ခုနှစ်) ဝါကျွတ်သော အချိန်အခါ လောက်ပင်စ၍ မကြာမကြာ အမိန့်ရှိတော်မူသဖြင့် ထိုစဉ်ကတပည့် အားလုံးပင် ကြားသိကြရလေကုန်သည်။ထိုအချက်ကို ကြားသိသူများက ရိပ်မိကြသော်လည်း ဘာမှ ဝေဖန်ပြောဆိုခြင်းမပြုခဲ့ပါ။ တပည့်များက အများ၏ ဝမ်းနည်းအားငယ်မည်ကို စိုးရိမ်သဖြင့် မည်သို့မှ မဝေဖန်မပြောဆိုကြဘဲနေကြရာ ပရိနိဗ္ဗာန်ဝင်စံတော်မူသွားမှပင်ငါတို့ဆရာတော် ပရိနိဗ္ဗာန်မဝင်စံမီက ပြာသဒ်ကြီးလိုက်နေသည်ကို မြင်နေရသည်ဟု အမိန့်တော်ရှိသည်မှာ အခြားမဟုတ် ပရိနိဗ္ဗာန်ဝင်စံတော့မည်ဖြစ်သဖြင့် နောက်ဆုံးပိတ် ပရိနိဗ္ဗာန်မဝင်စံမီ နတ်များက ရတနာပြာသဒ်ကြီးဖြင့် ပူဇော်ကြသည်ကို မြင်တော်မူခြင်းဖြစ်သည်ဟု ဆုံးဖြတ်ကြလေကုန်သတည်း။ထူးဆန်းသော အံ့သြဖွယ်ရာ ပုဗ္ဗနိမိတ်များဖြစ်ပေါ်လာခြင်း~~~~~~~~~~~~~~ညောင်လွန့်ဆရာတော်ဘုရားကြီး ပရိနိဗ္ဗာန်ပြုတော်မူသောအခါ ထူးခြားသော ဖြစ်ရပ်များ ဖြစ်ပွားခဲ့လေသည်။ နေနာရီ တိုက်ကြီးအလိုလိုပြိုလဲခြင်း, ၄င်းနောက် ငှက်ကျားတစ်ကောင် အော်မြည်ဖြတ်သန်းခြင်း, ၄င်းနောက် လူမရှိဘဲ အသံများဖြစ်ပေါ်ခြင်း, ၄င်းနောက် တောထဲက ပန်းများ အခါမဟုတ်ဘဲ ဖူးပွင့်ကြခြင် စသည်တို့သည် ထူးခြားသော နိမိတ်များဖြစ်လေသည်။ ထိုအချက်ကို အောက်ပါအတိုင်းဖတ်ရှုရပါသည်။ကျေးဇူးတော်ရှင်ညောင်လွန့်တောရ ဆရာတော်ဘုရားကြီး ပရိနိဗ္ဗာန်ဝင်စံတော်မူခါနီး နာမကျန်းဖြစ်တော်မူသောအခါ ဆွမ်းစားကျောင်းအနီး စိုက်ထူထားအပ်သော ကာလသမ္ဘခေါ်သော နေနာရီတိုက်ကြီးသည် လေမတိုက်မိုးမရွာ မည်သူမှ မလှုပ်မကိုင်ဘဲ အလိုအလျောက် တည့်မတ်စိုက်ထောင်နေရာမှ မြေသို့လဲပြို၍ ကျသွားလေသည်။ကျောင်းတ်ုက်ကြီး၏ အရှေ့မြောက် တနင်္ဂနွေထောင့်အရပ်မှ ကြက်ဖကြီးခန့် ပမာဏရှိသော ငှက်ကျားကြီး တစ်ကောင်သည် ကျောင်းထောင့်အပေါ်က ဝဲပျံကာ ကြောက်လန့်ဖွယ်အသံကြီးကို အကြိမ်များစွာ အော်ဟစ်ငိုကြွေးမြည်တမ်းလျက် ဖြတ်သန်းသွားလေသည်။ ကျောင်းတိုက်ကြီး၏ ပတ်ဝန်းကျင် အရပ်လေးမျက်နှာတို့မှ လူသူမရှိဘဲ အလိုအလျောက် အုတ်အုတ်ကျက်ကျက် စိုးရိမ်ပူဆွေးသကဲ့သို့သော ဟာဟာဟူသော အသံတို့သည်လည်း ဆူညံလျက် မြည်ဟီးလာကြကုန်၏။ ကျောင်းတိုက်ကြီး၏ ပတ်ဝန်းကျင်မှ တစ်တောလုံးရှိ သစ်ပင်တို့သည်လည်း အခါမဲ့ပန်းတို့ကို ပွင့်လာကြကုန်၏။ညောင်လွန့်ဆရာတော်ဘုရားကြီး ပရိနိဗ္ဗာန်ပြုသောအခါ တေဇောဓာတ် လောင်ကျွမ်းပုံမှာလည်း ဆန်းကြယ်အံ့သြ ကြည်ညိုဖွယ်ဖြစ်ပါသည်။ အမွှေးနံ့သာထင်းများ အလိုအလျောက် ရောက်လာစုပုံနေခြင်း, ၄င်းအပြင် နံ့သာဆီ ရေမွှေးများ အလိုလိုရောက်ရှိခြင်း စသော ထူးခြားချက်များဖြစ်ပါသည်။ ထိုအချက်တို့ကိုမှတ်တမ်းတွင် ဖတ်ရှုကြည်ညိုရပါသည်။တေဇောဓာတ်တုဒဟန ကိစ္စပြုမည့် နေရာမှာလည်း တိုင်လေးဖက် စိုက်ထူ၍ ရာဇမတ်ကာပြီးလျှင် အပေါ်မှငှက်ချေးခံ ပိတ်ဖြူခါသာ မိုးကျက်ထားလျက်ပြုပြင်စီမံထားရာ တစ်စုံတစ်ယောက်သောသူမှ ထင်းတို့ကို မစုပုံဘဲ အလိုအလျောက်ပင် အလျား ၄ တောင်ခန့် အနံ ၃ တောင်ခန့်သာသာ ကျယ်ပြန့်လျက် အမြင့် ၃ တောင်လူကြီးတစ်ရပ်ခန့်ပမာဏရှိသော အကျော် စမ္ပါကရမက် နံ့သာဖြူ နံ့သာနီ သနပ်ခါးစသော အဖိုးတန် နံ့သာတုံးတို့ဖြင့်သာ စုပုံကာ ညီညာစွာထားပြီးသား ဖြစ်ပေါ်၍ လာလေသည်။ နံ့သာဆီ ရေမွှေးနံ့ ရေမွှေး နံ့သာပျောင်းစသည်တို့ဖြင့်လည်းပတ်ဝန်းကျင်မှာ စုပုံလျက် ပူဇော်ကြလေကုန်သတည်း။ အဆိုပါ အလိုအလျောက်စုပုံကာ ပေါ်ပေါက်လာသော နံ့သာထင်း ပုံကြီးပေါ်မှာပင် အလောင်းတော်ကို ခေါင်းပါတင်၍ အားလုံးသော လူရှင် ရဟန်းတို့သည် အတိုင်းမသိ နှမြောပူဆွေးစိုးရိမ် ငိုကြွေးကြလျက် နောက်ဆုံးပိတ် အရိုအသေ အလေးအမြတ် ပူဇော်ကန်တော့ခြင်းကို ပြုကုန်ကြစဉ်ပင်တေဇောဓာတ်လောင်ကျွမ်း၍ လာလေတော့သတည်း။ညောင်လွန့်ဆရာတော်ဘုရားကြီး ပရိနိဗ္ဗာန်ပြုသောအခါ အရိုးဓာတ်တော်များ ဖူးမြော်ရပါသည်ဟူ၍ လည်းကောင်း ဓာတ်တော်ဆေး မိုးကြီး ရွာသွန်းသည်ဟူ၍လည်းကောင်း ကြည်ညိုဖွယ်ရာ ဖတ်ရှုရပါသည်။အလောင်းတော်ကို တေဇောဓာတ်လောင်၍ဆုံးခါနီး ညနေ ၄ နာရီအချိန်တွင် ရှေးအဖို့ကာလက မိုးသားတက်၍မိုးအုံ့ခြင်း, လေတိုက်ခြင်း စသည် တစ်စုံတစ်ရာမရှိဘဲ ရုတ်တရက်ဗြုန်းခနဲ မိုးတိမ်တက်ပြီးအရိုးဓာတ်တော်ဆေးမိုးကြီးသည် မကြုံဖူးအောင် သည်းထန်စွာ ရွာသွန်းချလေတော့သတည်း။ယင်းသို့ အရိုးဓာတ်တော်ဆေးမိုးကြီး ရွာသွန်းချသဖြင့် အရိုးတော်ဓာတ်တို့ကိုလည်း လွယ်ကူစွာ ကောက်ယူနိုင်ကြလေသည်။ အားလုံးသော လူ ရှင် ရဟန်းပရိသတ်ကြီးသည် မိုးသည်းထန်စွာ ရွာသွန်းချသော်လည်း တေဇောဓာတ် လောင်ရာဌာနမှ မခွာသေးကြဘဲ ပူဇော်ဖူးမြော်လျက်သာနေကြ၍ အရိုးတော်ဓာတ်တို့ကို ဝိုင်း၍ လုယူကြမည်ပြုကာ အစိုးရမင်းများနှင့် သံဃာတော်တို့က တားမြစ်ကြပ်မတ်၍မည်သူအားမျှ မကောက်ယူစေမူ၍ တစ်လုံးတစ်စည်းတည်း သံဃာတော်များသာ ကောက်ယူထားရလေသည်။ ထိုသို့ သည်းထန်စွာရွာသွန်းချသော အရိုးတော်ဓာတ် ဆေးမိုးကြီးကြောင့် တစ်တောလုံးနှင့်တောရကျောင်းတိုက်ကြီးမှာ သန့်ရှင်းစင်ကြယ်သွားလေတော့သည်။၎င်းနောက် ဆရာတော်ဘုရားကြီး၏ တပည့် ဒါယကာ ဒါယကာမတို့၏ ကောင်းမှုဖြင့် ရဟန္တာ အရှင်မြတ်ကြီး၏ ဓာတော်များကို ယနေ့တိုင် ကိုးကွယ်ထားကြောင်းသိရှိရပါသည်။ပထမမိုးနံကုန်းဆရာတော် ဘုရားကြီး၏ အရိုးအိုးစေတီတော်ကြီး မြောက်ဘက်အနီးတွင် ယှဉ်ကပ်လျက် ပလ္လင်နှင့် ရုပ်ပွားတော်ကြီး တည်ဖန်ဆင်း၍ အရိုးတော်ဓာတ်များကို မြတ်စွာဘုရား ဓာတ်တော် ရဟန္တာအရှင်မြတ်တို့၏ ဓာတ်တော်တို့နှင့်တကွ ကောင်းမွန်စွာ ဌာပနာပြီးလျှင် ခေတ္တသစ်သားအာရုံခံ တန်ဆောင်းတော်ကြီးဖြင့် ကိုးကွယ်တည်ထားရာ ယနေ့တိုင်အောင် အထင်အရှားရှိလေသတည်း။ရဟန္တာနှင့် ရဟန်းထူးများမောင်ပန်းမွှေးစာအုပ်မှ ကူးယူဖော်ပြပါသည်။စာ(၃၆၃-၃၆၆)လှိုင်မျိုးမင်း
No comments:
Post a Comment