Saturday, November 8, 2014

တရားအမည် ပေးကြပါစို့

✔ တရားအမည် ပေးကြပါစို့✔အချိန်အားဖြင့် တစ်နာရီအတွင်း ပြီးအောင်ဟောရမယ့် တရားဆိုတော့ လိုရင်းမိအောင် ပါဠိတော်ပေါင်း မြောက်များစွာကို စီတန်းပြီးတော့ ပရိသတ်များ မှတ်မိလွယ်အောင်ဟောပါ့မယ်။ ဒီတရားကို 'ဘဝတန်ဖိုး'လို့ဘုန်းကြီး အမည်ပေးပါတယ်။ဘဝတစ်ခုမှာ ဘယ်ဥစ္စာဟာ တန်ဖိုးလဲ၊ ဘယ်ဥစ္စာဟာ အနှစ်သာရလဲ၊ လူ့ဘဝတစ်ခု ရပင်ရငြားသော်လည်းပဲ တကယ့်တန်ဖိုးရှိတဲ့ လူ့ဘဝတစ်ခုကို ငါတို့ရရဲ့လား။ တန်ဖိုးရှိတဲ့ လူ့ဘဝရအောင် ငါတို့ ဘာကိုကြိုးစားရမလဲ။ ဘာကို ရအောင် ယူရမလဲ။ လူ့ဘဝဆိုတာ ဘာတဲ့လဲဆိုတဲ့ သဘောတရားများ-`အသာရေ သာရမတိနော၊ သာရေစာသာရဒဿိနော။တေ သာရံ နာဓိဂစ္ဆန္တိ၊ မိစ္ဆာသင်္ကပ္ပ ဂေါစရာ။´(ခုဒ္ဒကနိကာယ်၊ ဓမ္မပဒ-ပါ၊ ဂါတာ-၁၁)မိစ္ဆာသင်္ကပ္ပ ဂေါစရာ၊ မှားယွင်းတဲ့ အကြံအစည်လျှင် ကျက်စားရာ အာရုံရှိ၍ နေကြကုန်သော ။ ယေ နရာ၊ အကြင် လူရော နတ်ပါ သတ္တဝါတို့သည်။ အသာရေ စ၊ အနှစ်အဆိုင် အခိုင်အမာ မရှိတဲ့ တရား၌လဲပဲ။ သာရမတိ နော၊ အနှစ်သာရရှိတယ်လို့ မှတ်ထင်ကြကုန်၏။သာရေ စ၊ အနှစ်သာရရှိတဲ့ တရား၌ကား။ အသာရဒဿိ နော၊ အနှစ်သာရ မရှိဘူးရယ်လို့ မှတ်ထင်ကြကုန်၏။တေ၊ ထိုအနှစ်ကို အကာထင်၊ အကာကို အနှစ်လို့ ပြောင်းပြန်မြင်ကြတဲ့ ပုဂ္ဂိုလ်အပေါင်းတို့သည်။ မိစ္ဆာသင်္ကပ္ပ ဂေါစရာ၊ မှားယွင်းတဲ့ အကြံအစည်လျှင် ကျက်စားရာ အာရုံရှိကြကုန်သည် ဖြစ်၍။ သာရံ၊ တကယ့်အနှစ်စစ် အနှစ်မှန်ဆိုတဲ့တရားကို။ နာဓိဂစ္ဆန္တိ၊ လက်ဆုတ်လက်ကိုင်ပိုင်ပိုင်မိမိ မရရှိနိုင်ကြလေ ကုန်သတည်း။သာဓု သာဓု သာဓုပါဘုရား✔ အတွေးအခေါ်(တက္ကဗေဒ)နဲ့အယူအဆ (ဒဿနိကဗေဒ) မမှားကြစေနဲ့✔မိစ္ဆာသင်္ကပ္ပ –အကြံမှားတာ၊ အတွေးမှားတာ၊ အတွေးမှားအကြံမှားတာကို မိစ္ဆာသင်္ကပ္ပလို့ခေါ်ပါတယ်။အတွေး အကြံမှားသွားယင်အယူအဆပါမှားသွားတတ်တယ်။ မှားယွင်းသွားတဲ့အယူအဆများကို မိစ္ဆာဒဿန လို့ခေါ်တယ်။ဒါကြောင့် အတွေးအကြံမှားတဲ့ ပုဂ္ဂိုလ်များဟာ အယူအဆပါ မှားတတ်တယ်။ အယူဝါဒပါ မှားသွားတတ်တယ်။စာလိုပြောရင် မိစ္ဆာသင်္ကပ္ပကြောင့် မိစ္ဆာဒဿနဖြစ်တတ်တယ်လို့ သဘောကျပြီးတော့ ထားပါ။ဒီကနေ့ခေတ် ဘုန်းကြီးတို့ ပရိသတ်က သင်္ကပ္ပလို့ခေါ်တဲ့အကြံအစည် အတွေးအခေါ်ကို တက္ကဗေဒလို့ ကမ္ဘာက သတ်မှတ်တယ်။ ကြံစည်လို့ ရလာတဲ့ အယူအဆ တစ်ရပ်ကို ဘယ်လိုပြောကြပြန်သလဲ ဆိုရင် ဒဿနိကဗေဒ လို့ ပြောကြပြန်တယ်။အဲဒီတက္ကနဲ့ဒဿန နှစ်ခုဟာ ဘာကိုအခြေခံပြီးဖြစ်သလဲဆိုလို့ရှိရင် ပရမတ္ထတရားများ မပါဝင်ဘဲနဲ့ ပညတ်အပေါ်မှာ တင်ပြီးတော့ စဉ်းစားရာက ဖြစ်လာတာလို့ သဘောကျပါ။ ပရမတ္တ သဘာဝတွေ မပါမူ၍ ပညတ်အပေါ် တင်ပြီးတော့ စဉ်းစား၊ စဉ်းစားတော့ တက္က၊ စဉ်းစားယင်း စဉ်းစားယင်း ပေါ်လာတဲ့ အယူအဆက ဒဿန။အဲဒါတွေကို ကမ္ဘာပေါ်မှာ ပညာရပ်တွေအဖြစ်နဲ့ သတ်မှတ်ပြီးတော့ကမ္ဘာ့ပညာရှင်တွေက ဖော်ထုတ်၊ နောက် လိုက်ပြီးတော့ သင်တဲ့ပုဂ္ဂိုလ်တွေက သင်၊ ဒီလိုဖြစ်ကြတယ်။အဲဒီလို ဖြစ်ကြရာမှာ မိစ္ဆာသင်္ကပ္ပ-အတွေးအကြံ များ မှားခဲ့ပြီဆိုရင် အဲဒီ ပုဂ္ဂိုလ်ရဲ့ဘဝဟာနှစ်ပေါင်းတစ်ရာကြာပေမယ့် လူ့ဘဝမှာ ဘာအနှစ်မှ မရှိတဲ့ အကာအဖျင်း ဘဝနဲ့ အသက်ရှင်ရတာလို့ဒီလိုနားလည်ရမယ်။✔ မာဂဏ္ဍီပရိဗိုဇ်ကြီးရဲ့ အတွေးအခေါ် အယူအဆ✔ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ လက်ထက်တော်အခါက မာဂဏ္ဍီခေါ်တဲ့ မိစ္ဆာဒိဋ္ဌိ ပရိဗိုဇ်ကြီး ဘုရားထံမှောက်ရောက်လာပြီးတော့ ဘုရားနဲ့စကားပြောတယ် ဘာပြောတုန်းဆိုရင်-``အရှင်ဘုရား အရှင်ဘုရားတို့ ပြောပြောနေတဲ့ နိဗ္ဗာန် နိဗ္ဗာန်ဆိုတာ တပည့်တော် ရပြီ´´တဲ့။မာဂဏ္ဍီပရိဗိုဇ်ကြီးက - ``အရှင်ဘုရားတို့ ပြောဆိုနေတဲ့ နိဗ္ဗာန်ဆိုတာကိုတပည့်တော်ရပြီ´´လို့ပြောတော့၊ မြတ်စွာဘုရားက-``ဟဲ့ မာဂဏ္ဍီ၊ မင်းရတဲ့ နိဗ္ဗာန်ဆိုတာ ဘယ်လို နိဗ္ဗာန်မျိုးလဲပြောပါအုံး´´ဆိုတော့ မာဂဏ္ဍီပရိဗိုဇ်ကြီးက ပြောတယ်--``မှန်ပါ့ဘုရား၊တပည့်တော်မှာ စားစရာလဲ ဘာမှမပူရဘူး။ ဝတ်စရာလဲ ဘာမှမပူရဘူး။ နေစရာလဲ ဘာမှ မပူရဘူး။ စားဝတ် နေရေးအားလုံးပြည့်စုံတယ်။ တပည့်တော်အတွက် ဘာမှ မပူရဘူးဘုရား။ တပည့်တော်အတွက် အဲဒါ နိဗ္ဗာန် တစ်မျိုးပါ´´။နောက်တစ်ချက်က စားရေး ဝတ်ရေး နေရေး ဘယ်လိုပဲ ပြည့်စုံ ပြည့်စုံ မကျန်းမာလို့ရောဂါတွေ စွဲကပ်နေရင် ကိုယ့်ကာမဂုဏ်စည်းစိမ်ဟာ ကိုယ့်အတွက် အလကားပဲ။ စီးပွားဥစ္စာတွေ ပေါချင်းတိုင်း ပေါနေပါစေ။ မိမိရဲ့ ပေါများနေတဲ့ စီးပွားဥစ္စာတွေအတွက် မိမိခံစားနိုင်ခွင့် မရရှိလောက်အောင်ရောဂါနှိပ်စက်နေလို့ အိပ်ရာထဲ လဲနေရတဲ့ တသက်လုံး ရောဂါသယ် လူမမာသူဌေးဆိုရင် သူ့စီးပွား ဥစ္စာတွေဟာ သူ့အတွက် ဘာစည်းစိမ်းမှ မရှိဘူး။✔ အနာကင်းခြင်း ကျန်းမာခြင်းဟာ လာဘ်ကြီးတစ်ခု✔ဒီတော့ ဘယ်လိုလာပြန်သလဲ။ ဒီကနေ့ခေတ် အရပ်ထဲပြောနေတာက-'အာရောဂျံ ပရမံ လာဘံ' တဲ့။ဘုန်းကြီးတို့ စာပေမှာ ရှိနေတာက 'အာရောဂျ ပရမာ လာဘာ' (ခုဒ္ဒကနိကာယ်၊ ဓမ္မပဒ-ပါ၊ ဂါတာ-၂ဝ၄) ၊ ဒီလိုပဲ စာထဲမှာ ရှိတယ်။ အမှန်က ဒီအတိုင်းပဲ ရှိတယ်။လာဘာ၊ လာဘ်တကာ့ လာဘ်တို့တွင်။ အာရောဂျ ပရာမာ၊ အနာကင်းမှုက သာလွန်တယ်။စာပေက ဒီလို ပြောပါတယ်။ လာဘ်တကာ့ လာဘ်တို့တွင် အနာကင်းမှုဆိုတဲ့လာဘ်က သာလွန်တယ်။ စာထဲမှာအရှိက 'အာရောကျပရမာလာဘာ'။ အရပ်ထဲမှာတော့ ဘယ်သူကထွင်လိုက်တယ်မသိပါဘူး 'အာရောဂျံ ပရမံ လာဘံ'လို့ ဖြစ်သွားတယ်။အနာကင်းခြင်းဟာ လာဘ်ကြီးတစ်ခု၊ ကျန်းမာခြင်းဟာ လာဘ်ကြီးတစ်ခု၊ ဟုတ်တာပေါ့။ ကျန်းမာမှ စားချင်တာ စားနိုင်တယ်၊ ဝတ်ချင်တာ ဝတ်နိုင်တယ်။ နေချင်သလို နေနိုင်တယ်။ သွားချင်သလို သွားနိုင်တယ်။ကာမဂုဏ်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ် မကျန်းမာရင် သူ့အတွက် ကာမဂုဏ်ဟာ အလကားပဲ၊ ဒုဂ္ဂိဘုံသား ပြိတ္တာဘဝ ရောက်သွားတာနဲ့ အတူတူပါပဲ။ ဒါကြောင့် ကျန်းမာခြင်းသည်လောကမှာဖြင့် ချမ်းသာခြင်းတစ်မျိုးမို့လို့ အဲဒါဟာ လောကနိဗ္ဗာန် တစ်မျိုးပဲ။ မာဂဏ္ဍီပရိဗိုဇ်ကြီးဟာ အဲဒီလို သဘောကျထားတယ်၊ သူ့ဗိုက်ကြီး ပုတ် ပုတ် ပြပြီးတော့-``ရှင်တော် ဂေါတမ၊ ဟောဒီမှာ ကြည့်စမ်း၊ တပည့်တော်ဟာ အနာလဲ ကင်းတယ်၊ ကျန်းလဲ ကျန်းမာတယ်, ဘာရောဂါမှ မရှိဘူး, ဒါကြောင့် တပည့်တော် စားချင်တိုင်းလဲစားနိုင်တယ်, ဝတ်ချင်တိုင်းလဲဝတ်နိုင်တယ်, နေချင်သလို နေနိုင်တယ်´´။စားဝတ်နေရေး ပြည့်စုံနေလို့ ချမ်းသာတာတစ်မျိုး, ကျန်းမာနေတဲ့ အတွက်ကြောင့် ချမ်းသာတာတစ်မျိုး။ ဒီလောကမှာ စား, နေ, ဝတ်ပြည့်စုံတာရယ်, ကျန်းမာတာရယ်, အဲဒါကလွဲရင် ဘာများ တစ်ခြားချမ်းသာတာရှိသေးသလဲ။✔ ဒိဋ္ဌဓမ္မ နိဗ္ဗာနဝါဒီ သမားတို့က ဘာပြောကြသလဲ✔ဒီကနေ့ ဘုန်းကြီးတို့ အမျိုးသားတွေ အမျိုးသမီးတွေ ကမ္ဘာသူ ကမ္ဘာသားတွေ အကုန်လုံး နေ့စဉ် နေ့တိုင်း မိုးလင်းတဲ့အချိန်ကစပြီး နေဝင်မိုးချုပ်အထိ အပြေး အလွှားရှာနေကြတာဟာ ဘာလဲ၊ စားဖို့ ရှာတာ, ဝတ်ဖို့ ရှာတာ, နေဖို့ ရှာတာ, အဲဒီသုံးခုအတွက်ရှာဖွေနေကြရတာ။ စား နေ ဝတ် ပြည့်စုံပြီဆိုတော့ ကျန်းမာဖို့ အတွက်လဲပဲ ကြိုးစား ကြရသေးတယ်။အဲဒါတွေ ပြည့်စုံလာပြီဆိုလို့ရှိရင် သိပ်ကိုဟန်ကျတာပဲ၊ စားစရာကလဲ ပြည့်စုံ, ဝတ်စရာကလဲ ပြည့်စုံ, နေစရာကလဲ ပြည့်စုံ, ကျန်းမာရေးကလဲ ကောင်းလို့၊ အဘက်ဘက်က အဆင်များပြေလို့ရှိရင် ဘာပြောကြသလဲ 'လောကနိဗ္ဗာန်' ပဲ၊ ဒီလိုပြောကြတယ်။အဲဒါကို ဗြဟ္မဇာလသုတ္တန်မှာ မိစ္ဆာဒိဋ္ဌိ (၆၂)ပါး ဟောတဲ့နေရာမှာ- 'ဒိဋ္ဌ ဓမ္မ နိဗ္ဗာနဝါဒ'ဆိုတာတစ်ခုရှိပါ တယ်။ဟောဒီ ပစ္စက္ခဘဝမှာ စား နေ ဝတ်နဲ့ကျန်းမာခြင်း ပြည့်စုံလို့ရှိရင် အဲဒါဟာ လောကနိဗ္ဗာန်ပဲ။ ဒီကနေ့ ခေတ်က ကမ္ဘာအရပ်ရပ်က လူအများစု ချီတက်နေကြတာက ဘာလဲ။ အဲဒီလောကနိဗ္ဗာန်ဆီကို ချီတက်နေကြတာ။စားဖို့ပြည့်စုံရင် လောကနိဗ္ဗာန်၊ ဝတ်စရာ နေစရာပြည့်စုံရင်၊ ကျန်းမာရေး ပြည့်စုံရင်၊ မကြောင့်မကြ မတောင့် မတ စားရ သောက်ရရင် လောကနိဗ္ဗာန်ပဲ ဆိုပြီးတော့ အဲဒီ လောကနိဗ္ဗာန်အတွက် ချီတက်နေကြတဲ့ ဒီကနေ့ခေတ်လူသားတွေဟာ မာဂဏ္ဍီပရိဗိုဇ်ကြီး ပြောတာနဲ့တော့ တစ်ထပ်တည်းပဲ။✔ အတွေးအခေါ်မှားရင် အယူအဆပါ မှားတတ်တယ်✔မာဂဏ္ဍီပရိဗိုဇ်ကြီးကလဲပဲ စား၊ နေ၊ ဝတ်လဲ ပြည့်စုံတယ်၊ ကျန်းလဲ ကျန်းမာတယ်၊ ဒါကြောင့် ဗုဒ္ဓရှင်တော်မြတ်ကို-``ရှင်တော် ဂေါတမ တပည့်တော်ဟာ လောကနိဗ္ဗာန်ကို ရပြီ, နိဗ္ဗာန်ဟာ ဟောဒီမှာ ရှိတယ်´´ဆိုပြီးတော့ သူ့ဗိုက်ကြီးကိုပုတ်ပြရင်း ပြောတယ်။ ဒါဟာ ဘာလဲဆိုတော့-မိစ္ဆာသင်္ကပ္ပ ဂေါစရာ၊ မှားယွင်းတဲ့ အကြံအစည်လျှင် ကျက်စားရာ အာရုံ ရှိကြကုန်သည်ဖြစ်၍။ ယေ နရာ၊ အကြင်လူရော နတ်ပါ သတ္တဝါအပေါင်းတို့သည်။ အသာရေ စ၊ အနှစ်သာရ မရှိတဲ့ တရား၌ကား။ သာရမတိနော၊ အနှစ်သာရရှိတယ်လို့ ယူဆကြလေကုန်၏။ဘာကြောင့် ဒီ အယူအဆ ပေါ်လာတာလဲဆိုရင်မိစ္ဆာသင်္ကပ္ပကြောင့်တဲ့။ ဒိဋ္ဌဓမ္မနိဗ္ဗာန်ဝါဒ, လောကနိဗ္ဗာန်ဝါဒ ကို ယူလာကြတာဟာ ဘာကြောင့်လဲဆိုရင် မိစ္ဆာသင်္ကပ္ပကြောင့်လို့ မှတ်ရမယ်။ အတွေးအကြံမှားတဲ့အတွက်ကြောင့် ဒီလောကနိဗ္ဗာန်ဝါဒကြီး ပေါ်လာတာ။ လောကနိဗ္ဗာန်ဝါဒကြီးသည်ပင်လျင် အယူအဆတစ်ခုဆိုတော့ အဲဒါဟာ ဒဿနဖြစ်သွားတယ်။အဲဒီလို မိစ္ဆာသင်္ကပ္ပနဲ့ မိစ္ဆာဒဿန ယူစွဲမိရင် အဲဒီလူဟာ ဘယ်တော့မှ တကယ့်အနှစ်သာရကို မရနိုင်တော့ဘူး။ဒီလိုပြောပါတယ်။အသက်ရှည်တာ ကျန်းမာတာ ပဓာနလား၊ စားရေး ဝတ်ရေး နေရေး ပြည့်စုံမှုက ပဓာနလား၊ ဘယ်ဥစ္စာက ပဓာနလဲဆိုတာ ကြည့်လိုက်တော့ ဘုန်းကြီးတို့ စာပေက ဘာပြောသလဲဆိုရင်-✔ ဗုဒ္ဓ ခွဲခြားပြတဲ့ အနှစ်နဲ့ အကာ✔'ပဉ္စန္နံ ဝေရာနံ သာဓာရဏဘာဝေန နိဿရဿ ဣမဿ ဓနဿ ဒါနံနာမ သာရော' (ဇာတကအဋ္ဌကထာ(၄) နှာ-၇)ပဉ္စန္နံ ဝေရာနံ၊ ရန်သူမျိုး ငါးပါးတို့နှင့်။ သာဓာရဏဘာဝေန၊ အမြဲမပြတ် ဆက်ဆံ၍ နေရတဲ့အတွက်ကြောင့်။ နိဿရဿ၊ အနှစ်သာ ရရှာမရတဲ့။ ဣမဿ ဓနဿ၊ ဤစီးပွားဥစ္စာရဲ့။ သာရောနာမ၊ အနှစ်သာရတရား မည်သည်ကား။ ဒါနံ၊ ဒါနတရားပါပေတည်း။မြတ်စွာဘုရားက သမ္မာသင်္ကပ္ပနဲ့ သမ္မာဒဿနကို အခြေတည်ပြီးတော့အနှစ်နဲ့အကာကို ခွဲခြားပြလိုက်တယ်။ မာဂဏ္ဍီပရိဗိုဇ်ကြီး ပြောသလို စား နေ ဝတ် ပြည့်စုံတာရယ်၊ လောကနိဗ္ဗာန်သမားတွေ ပြောသလို စား ဝတ် နေရေး ပြည့်စုံတာရယ်, ကျန်းမာတာရယ်, အဲဒါတွေဟာ လောကနိဗ္ဗာန် မဟုတ်ဘူး။ တကယ့်အနှစ်သာရ မဟုတ်သေးဘူးတဲ့။မင်းတို့ပြောနေတဲ့ လောကနိဗ္ဗာန်ဟာ အကာပဲ ရှိသေးတယ်။ တကယ့် အနှစ်မဟုတ်သေးဘူး။ ဒိဋ္ဌဓမ္မနိဗ္ဗာန ဝါဒသမားတို့၊လောကနိဗ္ဗာန်သမားတို့, မာဂဏ္ဍီပရိဗိုဇ်ကြီးတို့ ပြောနေတဲ့ လောကနိဗ္ဗာန်ဟာ အကာပဲ ရှိသေးတယ်။ အနှစ်မဟုတ်ဘူး။ဘာကြောင့်လဲ။ စား နေ ဝတ်လို့ခေါ်တဲ့ ဒီစီးပွား ဥစ္စာတွေဟာ ရန်သူမျိုးငါးပါး အမြဲတန်း ဝိုင်းနေ တယ် ဆိုတာကို မသိလို့ လောကနိဗ္ဗာန် ထင်နေကြတာ။✔ လောကနိဗ္ဗာန်မှာ ရန်သူတွေ ဝိုင်းဝိုင်းလည်နေတယ်✔စားရေး ဝတ်ရေး နေရေးအတွက် စီးပွားဥစ္စာတွေ ဘယ်လောက်ပဲ ပေါများ ပြည့်စုံနေပါတယ်လို့ ပြောပြော အဲဒီ စီးပွားဥစ္စာတွေမှာ မီးနဲ့အမြဲတန်း ဆက်ဆံနေတယ်ဆိုတာသိထားပါမှ၊ ရေနဲ့လဲဆက်ဆံတယ်၊ မင်းနဲ့လဲဆက်ဆံတယ်၊ ခိုးသား ဓားပြနဲ့လဲ ဆက်ဆံတယ်၊ သားဆိုးသမီးဆိုးနဲ့လဲ ဆက်ဆံတယ်၊ ရန်သူမျိုးငါးပါးနဲ့လဲ အမြဲမပြတ် ဆက်ဆံနေတဲ့အတွက်ကြောင့် တကယ့်ချမ်းသာအစစ် မဟုတ်ဘူး။ လောကနိဗ္ဗာန် အစစ် မဟုတ်ဘူး။ဒီစီးပွားဥစ္စာ ရဘို့ရန်အတွက် စား နေ ဝတ် ပြည့်စုံဖို့ရန်အတွက်၊ ဒီကနေ့ ခေတ် လူတွေပြောနေတဲ့ လောကနိဗ္ဗာန်အတွက် ကြိုးစားနေကြရတာကိုပဲ ကြည့်စမ်းပါအုံး။ ဘယ်လောက် ကြိုးစားနေကြရသလဲ.. .ချွေးတလုံးလုံးနဲ့ အသက်နဲ့ လုပြီးတော့ ဒီစီးပွားဥစ္စာတွေကို ရှာဖွေနေကြရတာဟာဘယ့်နှယ်လုပ် လောကနိဗ္ဗာန် ဖြစ်နိုင်ပါ့မလဲ။ဒါကြောင့် လောကနိဗ္ဗာန်ဆိုတာဟာ ဒုက္ခနဲ့ ရင်းထားရတာက တကြောင်း၊ ရပြီးသား လောကနိဗ္ဗာန်ဆိုတဲ့ စီးပွားဥစ္စာတွေဟာ ရန်သူမျိုးငါးပါးတို့နဲ့ ဆက်ဆံ နေတာက တကြောင်း၊ အဲဒီအကြောင်း (၂)ရပ်တို့ကြောင့် လောကနိဗ္ဗာန် အစစ်မဟုတ်ဘူး။ အကာကို အနှစ်ထင်ပြီးတော့ တွယ်တာ မက်မောနေကြတာ၊ အနှစ်တရားက ဘာတုံးဆိုရင် စီးပွားဥစ္စာထဲက ထုတ်ပြီးတော့ လှူထားတဲ့ ဒါနကောင်းမှု သည်သာလျင် တကယ့်အနှစ်သာရ။✔ စီးပွားဥစ္စာရဲ့ အနှစ်သာရဟာ ဘာလဲ✔ဒါကြောင့် စီးပွားဥစ္စာတွေ ပြည့်စုံပြီးတော့ နှစ်ပေါင်းတစ်ရာကြာပင်ကြာငြားသော်လဲပဲ ဒါနကောင်းမှုမရှိဘဲနဲ ဒီစီးပွားဥစ္စာတွေကို နှစ်ပေါင်း တစ်ရာကြာအောင် ခံစားသွားတာဟာ အဲဒီပုဂ္ဂိုလ်ရဲ့ဘဝမှာဖြင့် အကာသက်သက်ပဲ။လူ့ဘဝမှာ တစ်ရက် တစ်မနက်လောက်ပဲ နေရ နေရ၊ ဒါနကောင်းမှုနဲ့ပြည့်စုံပြီးတော့နေရရင် အနှစ်သာရကို ရရှိပြီးတော့ နေရတာမို့လို့ ဘဝရဲ့တန်ဖိုးသည်ဒါနကောင်းမှု၊ ဘဝရဲ့အနှစ်သာရသည် ဒါနကောင်းမှုဆိုတာ သဘောကျ။ဒါဖြင့်ရင် စီးပွားဥစ္စာထဲက ထုတ်ယူရတဲ့ ဒါနကောင်းမှုဆိုတဲ့ အနှစ်ကိုတော့ တပည့်တော်များရပါပြီ။ နောက်ထပ်ဘဝမှာ တကယ်တန်ဖိုးရှိတဲ့ အနှစ်သာရ ဘာများ ရယူစရာ ရှိပါသေးသလဲဆိုလို့ရှိရင်။✔ ဘဝရဲ့ အနှစ်သာရဟာ ဘာလဲ✔`ဗဟုရောဂါနံ သာဓာရဏဘာဝေန နိဿရဿ ဣမဿ ဇီဝိတဿ သီလံ နာမ သာရော´။ (ဇာတကအဋ္ဌကထာ -၄)(နှာ-၇)ဗဟုရောဂါနံ၊ ကိုးဆယ့်ခြောက်ပါးသော အနာရောဂါတို့နှင့်။ သာဓာရစ ဘာဝေန၊ အမြဲမပြတ် ဆက်ဆံ၍ နေကြရလေသောကြောင့်။ နိဿရဿ၊ အနှစ်သာရ ရှာမရသော။ ဣမဿ ဇီဝိတဿ၊ ဤအသက်ရှည်ကြရတဲ့ဘဝတစ်ခုရဲ့။ သာရောနာမ၊ အနှစ်သာရမည်သည်ကား။သီလံနာမ၊ ကိုယ်ကျင့်တရားပါပေတည်း။ဘယ်သူက ဘယ်လောက်ပဲ အသက်ရှည်တယ်လို့ပြောပြော၊ မည်သူက မည်မျှကျန်းမာပါတယ်ပဲ ပြောပြော၊ ဘုန်းကြီးတို့ကိုလဲ ပြောကြပါတယ်-``အရှင်ဘုရားတို့များ နေ့တိုင်း တရားဟောနေရတာ- နေ့လဲဟော၊ ညလဲဟော၊ ကျန်းမာရေး တယ်ကောင်းတယ်´´တဲ့။ကျန်းမာရေး ကောင်းတယ်ဆိုတဲ့ချီးမွှမ်းသံ ကြားရတာနဲ့ ဘုန်းကြီးတို့ စိတ်ထဲမှာ ဆင်ခြင်ပြီးသားပါ။ ဘာဆင်ခြင် ထားလိုက်သလဲဆိုတော့ ပါဠိတော် တစ်ခုရှိတယ်။`ရောဂေါ ရောဂေါတိ ဘန္တေ ဝုစ္စတိ၊ ကတမောနုခေါ၊ ဘန္တေရောဂေါ ဝုစ္စတိ။´ဘန္တေ၊ ဘုန်းတော်ကြီးတော်မှုသော မြတ်စွာဘုရား။ ရောဂေါရောဂေါတိ၊ရောဂေါ ရောဂေါ ဟူ၍။ ဝုစ္စတိ၊ လောကမှာ ပြောနေကြပါတယ် ဘုရား။ရဟန်းတော်တစ်ပါးက ဘုရားကို မေးလျှောက်တယ်။ လောကမှာ ရောဂါ ရောဂါလို့ ပြောကြပါတယ် မြတ်စွာဘုရား။ကတမော၊ အဘယ်တရားကို ။ ရောဂါတိ၊ ရောဂါဟူ၍။ ဝုစ္စတိ၊ ဆိုအပ်ပါ သလဲ ဘုရား။ဘယ်တရားကို ရောဂါလို့ ဆိုရမှာပါလဲ.. အမေး ရောက်လာတော့ မြတ်စွာဘုရားရှင် အဖြေထုတ်လိုက်တာက-✔ ဗုဒ္ဓအဖြေပေးခဲ့တဲ့ ရောဂါဆိုတာ✔`ရောဂေါတိ ခေါ ဘိက္ခု ရူပါန မေတံ အဓိဝစနံ။´ဘိက္ခု၊ ချစ်သားရဟန်း။ ရောဂေါတိ ဧတံ အဓိဝစနံ၊ ရောဂါဆိုတဲ့ ဒီစကားဟာ။ ရှုပါနံ၊ ရုပ်တရားတို့ရဲ့။ အဓိဝစနံ၊အမည်ဖြစ်တယ်။မြတ်စွာဘုရားရဲ့အဖြေက- ရောဂါဆိုတာ ရုပ်တရားကို ခေါ်တယ်။ ဘုန်းကြီးတို့ ပရိသတ် မှတ်သားထားလိုက်ကြ။ ရောဂါဆိုတာ ရုပ်တရား။ ရောဂါဟာ ဝေဒနာမဟုတ်ဘူး။ အဲဒီရောဂါရဲ့ နှိပ်စက်တဲ့ဒဏ်ကို ခံစားတဲ့ သဘောလေးကမှ ဝေဒနာ။ရောဂါဆိုတာဟာ သေသေချာချာကြည့်ရင် ပူတာဟာ ရောဂါ၊ အေးတာဟာ ရောဂါ၊ အပူ အအေးနှိပ်စက်လို့ ရောဂါဖြစ်ကြတာ၊ တောင့်တင်းတယ်ဆိုတဲ့ ပထဝီဓာတ် နှိပ်စက်ရင် ရောဂါ၊ ယိုစီးကျလာတယ်ဆိုတဲ့ အာပေါ ဓာတ်တွေ၊ ဖွဲ့စည်းတယ်ဆိုတဲ့ အာပေါဓာတ်တွေ နှိပ်စက်ရင် ရောဂါ၊နေ့ခင်းနေ့လယ် အပူချိန်မြင့်လွန်းလို့ ပူလိုက်တဲ့ ဖြစ်ခြင်း၊ ညနေစောင်းတော့ မိုးက တဗြုံးဗြံုးနဲ့ရွာချလိုက် တယ်။ အဲဒီအပူနဲ့ အအေးကို တဆက်ထဲခံစားကြည့်ပါလား။ နေ့လယ်(၁၂)နာရီလောက်ကနေ ကိုယ့်ကိုကို နေပူလှမ်းပြီး ညနေ(၅)နာရီ(၆)နာရီလောက်ကျတော့ ရေဖျန်းကြည့် ဘယ်လိုများ နေလိုက်မလဲဆိုတာ၊ ဒီလူဟာ ချက်ချင်း ရောဂါ မရရင် ဘာပဲပြောပြော ဟုတ်လား။အဲဒီတော့ – အဖြေကို မှတ်သားထားလိုက်၊ ရောဂါဆိုတာ ရုပ်ကိုခေါ်တယ်။ ပူတာ အေးတာ ရုပ်၊ တွန်းကန် လှုပ်ရှားတာ ရုပ်၊ ထောက်ကန်တဲ့ သဘောဆိုတာ ရုပ်၊ တောင့်တင်းတဲ့ သဘောဆိုတာ ရုပ်၊ ဖွဲ့စည်းတဲ့ သဘောဆိုတာ ရုပ်၊ ယိုစီးတဲ့သဘောဆိုတာရုပ်။✔ ခန္ဓာကိုယ်ကြီးမှာ ရောဂါတွေ အပြည့်ရှိနေတယ်✔ဒီခန္ဓာကိုယ်ကြီးတစ်ခုလုံးမှာ အဲ့ဒီရုပ်တွေ လှည့်ပြီးတော့ နှိပ်စက်နေလို့ ရောဂါဖြစ်တာ။ ဒီရုပ်တွေ မျှတနေတဲ့ အချိန် ကျန်းမာတယ်လို့ ခေါ်တာပဲ။ ဒီရုပ်တွေ ဖောက်ပြန်လို့ တစ်ခုခု လွန်ကဲတဲ့အချိန်ရောဂါဖြစ်တယ်လို့ခေါ်တာပဲ။ အဲဒီလိုဖြစ်တော့ဘုန်းကြီးတို့ ပြောချင်တာက ရုပ်တရားရတဲ့အချိန်ကစပြီးတော့ ငါတို့ ရောဂါတွေ ရပြီးပြီးလို့ သဘောကျထားမှ။ဘုန်းကြီးတို့ကတော့ ဒီပါဠိတော်ရကတည်းက မပြတ်ဘူး၊ ဆင်ခြင်ကြည့်နေတယ်၊ အော်-ရောဂါဆိုတာရုပ် တရား၊ ငါဟာ ဟောဒီရုပ်တရားဆိုတဲ့ ခန္ဓာကြီးကို ရထားတယ်။ ဝေဒနာ သညာ သင်္ခါရ ဝိညာဉ်ဆိုတဲ့ နာမ်ခန္ဓာ (၄) ပါးကိုထားပါ။ ရှုပက္ခန္ဓာကို ငါရတဲ့ အချိန်ကစပြီးတော့ ငါ့မှာရောဂါရှိနေပြီ ဆိုတာကို ဆုံးဖြတ်ထားမှ ဒီလိုမှ ဆုံးဖြတ် ချက်ချမထားရင် ငါကျန်းမာတယ်ဟဲ့ဆိုပြီးတော့ ဘုန်းကြီးတို့ဟောထားတဲ့ အဘိဏှာသုတ္တန်မှာဘာပြောသလဲ။✔ အာရောဂျမာန် ဇီဝိတမာန်ထောင်လွှားရင်✔`အာရောဂျေ အာရောဂျမဒေါ။´(အင်္ဂုတ္တရပါဠိ (ဒု)အဘိဏှာပစ္စေဝေက္ခိတဗ္ဗဌာနသုန်၊နှာ-၆၃-၄။)အာရောဂျေ၊ အနာကင်းတဲ့ သဘော၌။ အာရောဂျမဒေါ၊ ငါအနာကင်း တယ်ဆိုတဲ့ မာန်သည်။ ဟောတိ၊ ဖြစ်တယ်။အနာကင်းတဲ့ပုဂ္ဂိုလ်တွေက ဘာတဲ့လဲ၊ ငါကျန်းမာသာပဲဆိုတဲ့ မာန်ကလေးနဲ့၊ ကျန်းမာရင် ဘာဖြစ်လာပြန်သလဲ၊ အသက်ရှည်တယ်, ငါ အသက်ရှည်သားပဲဆိုတဲ့ မာန်ကလေးနဲ့၊ ကျန်းမာတဲ့ပုဂ္ဂိုလ်တွေရဲ့မာန်ကို အာရောဂျမာန် လို့ ခေါ်တယ်။ အသက်ရှည်တဲ့ ပုဂ္ဂိုလ်တွေရဲ့မာန်ကို ဇီဝိတမာန်လို့ ခေါ်တယ်။ ဒီမာန်နှစ်ခု ဝင်ရောက်လာရင်-`ယေန မဒေန မတ္တာ´။(အင်္ဂုတ္တရပါဠိ (ဒု)အဘိဏှာပစ္စေဝေက္ခိတဗ္ဗဌာနသုန်၊နှာ-၆၃-၄။)ယေန မဒေန၊ ယင်းမာန်တရားဖြင့်။ မတ္တာ၊ မူးယစ်၍ နေကြကုန်သော။ သတ္တာ၊ သတ္တဝါတို့သည်။ ကာယေန ဝါ၊ ကိုယ်ဖြင့်လည်းကောင်း။ ဝါစာယ ဝါ၊ နှုတ်ဖြင့်လည်းကောင်း။ မနသာ ဝါ၊ စိတ်ဖြင့် လည်းကောင်း။ ဒုစ္စရိတံ၊ မကောင်းတဲ့ အကျင့်တွေကို။ စရန္တိ၊ ကျင့်တတ်ကြလေကုန်၏။အသက်ရှည်တဲ့ ပုဂ္ဂိုလ်တွေက ငါ အသက်ရှည်သားပဲဆိုတဲ့ မာန်ကလေးတက်ပြီးတော့ ဒုစရိုက်နယ်ထဲ ရောက်ရောက်သွားတတ်တယ်၊ ကျန်းမာတဲ့ ပုဂ္ဂိုလ်တွေကလည်း ငါ ကျန်းမာသားပဲဆိုတဲ့ မာန်ကလေးတက်ပြီးတော့ ကုသိုလ်တွေမေ့ပြီး ဒုစရိုက်နယ်ထဲကို ရောက်ရောက်သွားတတ်တယ်။ဒါကြောင့် အမြဲမပြတ် ဆင်ခြင်နေရမှာ။ ရုပ်တရားကို ငါရတဲ့အချိန်ကစပြီး ငါ့သဏ္ဌာန်မှာ ရောဂါရှိနေပြီလို့ မပြတ်ဆင်ခြင်ပါ။ဒါကြောင့် ဘယ်သူက ဘယ်လောက် ကျန်းမာတယ် ပြောပြော ရုပ်တရားရှိနေတဲ့ လူတိုင်း မကျန်းမာဘူး၊ ရုပ်တရားရရှိထားတဲ့ လူအားလုံးဟာ မကျန်းမာဘူး။ ရောဂါတွေနဲ့ချည်းပဲဆိုတာ မှတ်ထားပေတော့။✔ ဆင်ခြင်တုံတရား လက်ကိုင်ထားကြပါ✔ဒီတော့ မာဂဏ္ဍီပရိဗိုဇ်ကြီးက သူစားလို့ ကောင်းနေလို့ ကောင်းတာကို အကြောင်းခံပြီး ဝမ်းဗိုက်ကြီးနဲ့ရင်ဘတ်ကြီး ပုတ်ပုတ်ပြပြီးတော့ အကျွန်ုပ် ကျန်းမာနေတာဟာ လောကနိဗ္ဗာန်လို့ဘယ်လိုပဲ ပြောပြော၊ တကယ့်နိဗ္ဗာန်အစစ်ကို သူ နားမလည်လို့၊ ကျန်းမာခြင်းသည်ပင်လျင် ဘဝရဲ့ အနှစ်သာရလို့ သူထင်မိလို့ ပြောတာ။ဒီကျန်းမာခြင်းဟာ ဘာတွေနဲ့ဆက်ဆံနေရသလဲ၊ အနာရောဂါနဲ့အမြဲတန်း ဆက်ဆံနေတယ်။ အသက်ရှည်ခြင်းဟာဘာနဲ့ဆက်ဆံနေသလဲ၊ အနာရောဂါနဲ့ဆက်ဆံပြီးတော့ နေတယ်ဆိုတာ မှတ်သားထား၊ စီးပွားဥစ္စာတွေဟာ ရန်သူမျိုးငါးပါးနဲ့ ဆက်ဆံနေတယ်၊ ဒါကြောင့် အကာသက်သက်ပဲ။အသက်ရှည်ခြင်း ကျန်းမာခြင်းဟာ အနာရောဂါနဲ့ ဆက်ဆံနေတယ်၊ ငါကျန်းမာတယ်လို့ ဘယ်တော့မှ မတွက်ပါနဲ့၊ ငါ့မှာရုပ်တရားရှိရင် ရောဂါရှိပြီလို့တွက်သာထားလိုက်တော့ ဒါကြောင့် ...ဗဟုရောဂါနံ၊ ကိုးဆယ့်ခြောက်ပါး အနာရောဂါတို့နှင့်။ သာဓာရဏဘာဝေန၊ အမြဲမပြတ်ဆက်ဆံ၍နေကြရလေသောကြောင့်။ နိဿာဿ၊ အနှစ်သာရ ရှာမရသော။ ဇီဝိတဿ။ အသက်ရှင်ရတဲ့ ဘဝတစ်ခုရဲ့။ သာရောနာမ၊ အနှစ်သာရမည်သည်ကား။ သီလံ၊ ကိုယ်ကျင့်သီလ တရားသာပေတည်း။ဆက်ရန်----သီတဂူ ဆရာတော်ဘုရားကြီးဒေါက်တာ အရှင်ဉာဏိဿရ — 

No comments:

Post a Comment