Wednesday, October 22, 2014

သိကြားမင်း

The Express Times
သိကြားမင်း
=========
ဝေသာလီမြို့တော် ကုဋာဝါရကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ်
မဟာလိမည်သော အိမ်ရှေ့မင်းသားကို အကြောင်းပြု၍ ဤဒေသနာတော်ကို
ဟောကြားတော်မူသည်။
တစ်နေ့သ၌ မဟာလိသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင်"အရှင်ဘုရား - သိကြားမင်းကို မြင်ရပါသလော" ဟု မေးလျှောက်၏။ ဘုရားရှင်က "မဟာလိ - ငါဘုရားသည် သိကြားမင်းကို မြင်ရ၏" ဟုဖြေကြားတော်မူလေရာ . .
"အရှင်ဘုရား - အရှင်ဘုရားမြင်ရသော သိကြားမင်းသည် သိကြားမင်းအတု
ဖြစ်ရာ၏။ သိကြားမင်းကို မြင်ရန် ခဲယဉ်းလှပါသည် ဘုရား"
" ငါဘုရားသည် သိကြားမင်းကို လည်းကောင်း၊ သိကြားမင်း
ဖြစ်ကြောင်းတရားကို လည်းကောင်း သိ၏
သိကြားမင်းသည် ရှေးအခါ လူဖြစ်စဉ်တုန်းက မာဃမည်သော
လုလင် ဖြစ်ခဲ့ဖူး၏။ ထို့ကြောင့် 'မာဿဝ' ဟုလည်း ခေါ်ရ၏
သိကြားမင်းသည် ရှေးအခါ လူဖြစ်စဉ်တုန်းက ရှေးဦးစွာ အလှူကို ပေးလှူခဲ့၏။ ထို့ကြောင့် 'ပုရိန္ဒာ' ဟုလည်း ခေါ်ရ၏"
သိကြားမင်းသည် ရှေးအခါ လူဖြစ်စဉ်တုန်းက အလှူကို ရိုရိုသေသေ ပေးခဲ့၏။ ထို့ကြောင့် 'သက္က' ဟုလည်း ခေါ်ရ၏"
သိကြားမင်းသည် ရှေးအခါ လူဖြစ်စဉ်တုန်းက တည်းခိုစရာ ဇရပ်ကို ပေးခဲ့၏။ ထို့ကြောင့် '၀ါသ၀' ဟုလည်း ခေါ်ရ၏"
သိကြားမင်းသည် တစ်ထောင်မကသော အကျိုးအကြောင်းကိုတစ်ခဏချင်း တွေးတောကြံစည်နိုင်၏။ ထို့ကြောင့် 'သဟဿက္ခ' ဟုလည်းခေါ်ရ၏"
သိကြားမင်း၏ မယားသည် သုဇာမည်သော အသုရာတို့၏ သမီးပျိုဖြစ်၏။ ထို့ကြောင့် 'သုဇမ္ပတိ' ဟုလည်း ခေါ်ရ၏"
သိကြားမင်းသည် တာဝတိံသာနတ်တို့ကို အစိုး၇၏။ ထို့ကြောင့် 'ဒေ၀ါနမိန္ဒ' ဟုလည်း ခေါ်ရ၏"
သိကြားမင်းသည် ရှေးအခါ လူဖြစ်စဉ်တုန်းက ၇-ပါးသော
အကျင့်တို့ကို စွမ်းနိုင်သည့်အားလျော်စွာ ကောင်းစွာကျင့်ခြင်းကြောင့်
သိကြားမင်းအဖြစ်ကို ရ၏။ ထိုကျင့်ဝတ် ၇-ပါးတို့ကား -
၁။ အသက်ထက်ဆုံး မိဘကို လုပ်ကျွေးခြင်း။
၂။ အသက်ထက်ဆုံး မိမိတို့ဆွေမျိုးထဲမှ ကြီးသူတို့ကို ရိုသေခြင်း။
၃။ အသက်ထက်ဆုံး ချိုချိုသာသာ ပြောဆိုခြင်း။
၎။ အသက်ထက်ဆုံး ကုန်းချောစကားကို မဆိုခြင်း။
၅။ အသက်ထက်ဆုံး ၀န်တိုခြင်းကင်းသောစိတ်ဖြင့် နေထိုင်ခြင်း။
၆။ အသက်ထက်ဆုံး လွတ်လွတ်ကျွတ်ကျွတ် ပေးကမ်းစွန့်ကြဲခြင်း။
၇။ အသက်ထက်ဆုံး မှန်ကန်သောစကားကိုဆို၍ အမျက်မထွက်ခြင်း
တို့ ဖြစ်ပေသည်။
ဤသို့မိန့်တော်မူပြီးလျှင် မဟာလိ၏ တောင်းပန်ချက်အရ မာဃလုလင် ဘ၀တုန်းကကျင့်ဝတ်ဆောက်တည်ခဲ့ပုံ အကျယ်ကို ဟောကြားတော်မူကာထိုမာဃလုလင်အကြောင်းနှင့် ဆက်စပ်လျက် အောက်ပါဒေသနာတော်ကိုဟောကြားတော်မူလေသတည်း။
မာဃလုလင်သည် ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်းကြောင့်နတ်တို့၏ အထွတ်အထိပ်သို့ ရောက်၏။ ကုသိုလ်ကောင်းမှု၌ မမေ့လျော့ခြင်းကို ပညာရှိတို့ ချီးမွမ်းကြကုန်၏။
ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်းကို အခါခပ်သိမ်း ကဲ့ရဲ့အပ်၏။ ••
ဤဒေသနာတော်အဆုံး၌ မင်းသား မဟာလိသည် သောတာပတ္တိဖိုလ်၌ တည်လေတော့၏။
( ဓမ္မပဒ၊ အပ္ပမာဒ၀ဂ် )

No comments:

Post a Comment