Thursday, October 9, 2014

ရေနွေးပူလောင်ပါက အဖုမပေါက်အောင်

စာတိုပေစ
ရေနွေးပူလောင်ပါက အဖုမပေါက်အောင်
"ကလေး ရေနွေးပူလောင်လို့"
"ဓါတ်ဘူးကို လူကြီးတွေ အလစ် သွားဆွဲတာလေ"
"သည်မိန်းမ အသုံးမကြလို့"
"ရှင်မှ ကလေးကို ကြည့်မထားတာလေ"
"ဝါး....ဝါး ...ဝါး ....ဝါး::::::::::"
ရန်ဖြစ်သံများ၊ ဆူညံ့သံများနှင့် ကလေးငိုသံများက လူနာကြည့် နေသော သမားတော်ကိုနေ ဆေးခန်းအတွင်းသို့ ဝင်ရောက် လာသလို၊ စိုးရိမ်မူ့ပြင်းနေသော ကလေးအဖေကိုယ်တိုင် ကလေးကို ချီလျက် ရှေ့လူနာများကို ကျော်ဝင်ဖို့ ကြိုးစားနေ လေသည်။ အတွေ့အကြုံရှိသော ကျနော်တပည့်များက လူနာ
ကလေးကို အရေးပေါ်ခန်းထဲ သွင်းလိုက်ပြီး အခန်းတံခါး ပိတ်လိုက်လေသည်။
ကျနော်လဲကြည့်နေသော လူနာကို ခဏတောင်းပန်၍ ထားခဲ့ကာ အရေးပေါ်ခန်းသို့ ဝင်လေသည်။ အခန်းထဲ ရောက်တော့ ကျနော်တပည့် တစ်ဦးက.. "ရေနွေးက ထည့်ပြီးကာစမို့ အပူပြင်းပုံရတယ် ဆရာ ......ခြေထောက် နှစ်ဘက် ဒူးအောက် အပူလောင်သွားတာ"
မေးမြန်းထားချက်များကို မြန်မြန်ဆန်ဆန်ပြောပြလေသည်။ ကလေးမှာ (၁၀)လသား ဝတုတ်ကလေးဖြစ်ပါသည်။ ကလေးငိုသံက ဆူညံ့နေစဲပါ၊ ကလေးအဖေမှာ တုန်ရီလျက် ကလေးအမေမှာ ငိုနေလျက်.. "မြန်မြန် သက်သာ အောင် လုပ်ပေးပါဆရာ"ဟု တောင်းဆိုနေသည်။
"အချိန်ဘယ်လောက် ကြာသွားပြီလဲ"
"ငါးမိနစ်လောက်ပဲ ရှိမယ်ဆရာ၊ ကျနော်တို့က သည်အနားမှာ နေတာပါ"
ကလေးအသားများ အပူကြောင့် နီရဲနေလေသည်။ အချိန်ကြာလျင် အပူဖုများ ပေါက်တော့မှာဖြစ်သည်။ အပူကြောင့် အရွယ်နှင့်မမျှ ခံစားနေရသော ကလေးကိုလဲ သနားမိသည်။
"ရှားစောင်းလက်ပတ် အရွက်ကြီးကြီး အခုသွားခူးပါ"
ကျနော့်တပည့်အား ခိုင်းလိုက်ပါသည်။ လျင်လိုက်သည့် တပည့်ချက်ချင်း ခြောက်လက်ခန့်ခူးပြီး ပြန်ရောက်လာ သည်။ သည်လောက်ဆို ဘာဆက်လုပ်ရမည် ဆိုတာကျနော့်တပည့်များ သဘောပေါက်လေသည်။ ရှားစောင်း လက်ပတ် အပေါ်ခွံများ ခွာ၍ အထဲမှ ဂျယ်လီသားများ ထုတ်ကာ ကလေးကို ထိုင်ခိုင်ပြီးခြေထောက်နှစ်ဘက် အပူလောင်နေရာများကို အုပ်လိုက်လေသည်။ ကလေးမှာ ငိုနေစဲဖြစ်ပါသည်။ ငိုတာမှအာဂေါင် ချစ်၍ငိုနေတာပါ၊သနားစရာကောင်းသော ကလေးလူနာဖြစ်သည်။
ရှားစောင်းဂျယ်လီများ အုပ်ထားပြီး တစ်မီးနစ်ခန့် အကြာတွင် ရေနွေးကဲ့သို့ ပူသော အရည်များ စီးကျလာလေ သည်။ ထိုကဲ့သို့ စီးကျရခြင်းမှာ အပူလောင်ထားသော ကလေးခြေထောက်မှ အပူများသည် ရှားစောင်းဂျယ်လီ အရည်ဘက်သို့ ကူးပြောင်းသွားသဖြင့် ဂျယ်လီအရည်များသည် ပူနွေးသော အရည်အဖြစ်သို့ ရောက်သွားခြင်း ဖြစ်ပါသည်။
ကလေးလဲ အငိုတိတ်လာလေသည်။ မိနစ်စက္ကန့် အနည်းငယ်အတွင်းမှာ ကလေးကသက်သာမူ့ ရလာလေသည်။ ကလေးအခြေနေ တည်ငြိမ်သွားပြီမို့ တပည့်များအား ဆက်လက်လုပ်ပေးရန် မှာထားပြီး ကျန်လူနာများအား ဆက်လက်ကြည့်ပး လိုက်ပါသည်။
ကလေးအားလဲ နှစ်နာရီခန့် စိတ်ရှည်ရှည်နှင့် တပည့်များက ပြုလုပ်ပေးပြီး ခေါ်လာသောအခါ အပူ ဖုမပေါက်ပဲ ခြေထောက်အသားများ အေးသွားလေသည်။ သနားစရာကောင်းသော ကလေးလေး သက်သာသွားသောအခါ ငိုထားရသည်မှာ ပင်ပန်း၍ ထင်သည် အိပ်ပျော်နေလေသည်။
ကလေးအဖေနဲ့အမေမှာ ချက်ချင်းသက်သာအောင် လုပ်ပေးနိုင်၍ထင်သည် ကျေးဇူးတင်သည်ဆိုကာ ထိုင် ကန်တော့လေသည်။ အိပ်ရောက်ရင် ဆက်ပြီးလုပ်ပေးဘို့လဲ မှာကာ ဆေးခန်းနောက်ဘက် စိုက်ခင်း မှ ရှားစောင်း များ ခူးပေးလိုက်လေသည်။
နောက်နေ့မနက် ဆေးခန်းဖွင့်ချိန်တွင် မနေ့ကကလေးလေးနှင့် မိသားစု ရီကာပြုံးကာ ဆေးခန်းရောက်လာလေ သည်။ ရေနွေးပူလောင်သော နေရာမှာ အပူဖုပင်မပေါက်ပဲ ပကတိအကောင်းအတိုင်း ရှိနေလေသည်။ ကျနော် သမားတော်ကိုနေလဲ အထူးဝမ်းသာမိလေသည်။
သို့ပါ၍ ကလေးဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် အပူလာင်မူ အရေးပေါ်ဖြစ်ခဲ့လျင် စိတ်အေးအေးထားကာ ရှားစောင်း လက်ပတ် ဂျယ်လီများဖြင့် အချိန်မီ အချိန်ကြာကြာအုံပေးခဲ့လျင်အမြန်ဆုံးသက်သာ ပျောက်ကင်းပါကြောင်း
စေတနာဖြင့် ရေးသားတင်ပြအပ် ပါသည်။
Nay MinLay
(မြန်မာဆေးပညာ၊ပုသိမ်)

No comments:

Post a Comment