The Express Times
မျက်ဖြေလင်္ကာ
===========
သက္ကရာဇ် ၅၃၆ ခုတွင် ပုဂံ၌ နရပတိစည်သူသည် နောင်တော် မင်းယဉ်နရသိင်္ခကို
လုပ်ကြံ၍ နန်းတက်၏။ ထိုအခါ နောင်တော်၏ အထိန်းတော်သား အနန္တသူရိယ အမတ်ကိုလည်း
သတ်လေဟု သူသတ်တို့အား အပ်လေ၏။
သတ်ခါနီးတွင် အနန္တသူရိယအမတ်သည် အောက်ပါ လင်္ကာလေးပိုဒ်ကို ရေး၍ မင်းကြီးအား ဆက်ပါဘိဟု အပ်ခဲ့၏။
မျက်ဖြေလင်္ကာ
သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ ၊
ဓမ္မတာတည်း၊
ရွှေအိမ်နန်းနှင့် ကြငှန်းလည်းခံ ၊
မတ်ပေါင်းရံလျက် ၊ ပျော်စံရိပ်ငြိမ်
စည်းစိမ်မကွာ ၊ မင်းချမ်းသာကား
သမုဒ္ဒရာ ၊ ရေမျက်နှာထက် ၊
ခဏတက်သည် ၊ ရေပွက်ပမာ ၊
တစ်သက်လျာတည်း။
ကြင်နာသနား ၊ ငါ့အားမသတ် ၊
ယခုလွှတ်လည်း ၊ မလွတ်ကြမ္မာ ၊
လူတကာတို့ ၊ ခန္ဓာခိုင်ကျည် ၊
အတည်မမြဲ ၊ ဖောက်လွဲတတ်သည် ၊
မချွတ်စသာ ၊ သတ္တဝါတည်း။
ရှိခိုးကော်ရော် ၊ ပူဇော်အကျွန် ၊
ပန်ခဲ့တုံ၏ ၊ ခိုက်ကြုံဝိပါက် ၊
သံသာစက်၌ှ ၊ ကြိုက်လတ်တွန်မူ ၊
တုံ့မယူလို ၊ ကြည်ညိုစိတ်သန် ၊
သခင်မွန်ကို ၊ ချန်ဘိစင်စစ် ၊
အပြစ်မဲ့ရေး ၊ ခွင့်လျှင်ပေး၏ ၊
သွေးသည်အနိစ္စာ ၊ ငါ့ခန္ဓာတည်း။
သူသတ်တို့သည် သတ်ပြီးမှ ဤစာကို ဆက်၏။ ဖတ်စေ၍ ကြားတော်မူလျှင် လွှတ်စေဟု
မိန့်တော်မူ၏။ သို့ရာတွင် နောက်ကျ လက်လွန်လေပြီ။ မသတ်ခင်က ဆက်ပါမူကား
သေဒဏ်အသက်မှ လွတ်မည့် ကဗျာကောင်း ဖြစ်ပေသည်။
ဤကဗျာသည် ရိုးရိုးနှင့် အဓိပ္ပါယ်သွားလှသော စာဖြစ်သည်။ အစပ်အဟပ်လည်း ကောင်း၍
ဖတ်ရွတ်ရာ၌ ချောမောလှပေသည်။ ထိုစာကို ဖတ်ပြီးနောက် သေသူကို သနားခြင်း ၊
ချစ်ခင်ခြင်း ၊ ကြည်ညိုခြင်း မဖြစ်ဘဲ မနေနိုင်။ နှလုံးကို အလွန်ထိခိုက်သော
စာ ဖြစ်လေသည်။
ဤစာကို ကြားရသည်ကစ၍ နရပတိစည်သူသည် တအောက်မေ့မေ့ နောင်တကြီးစွာ ရသည်ကို
အံ့ဩစရာ မဟုတ်ချေ။ ထိုနေ့ကစ၍ အမျက်တော်ကို ချုပ်တည်းသိမ်းဆည်းကာ "
နောင်သတ်စေ အမိန့်ရှိသော်လည်း တစ်လလေးသီတင်းထား၍ စစ်ကြောဘိ ၊ သေတန်မှ သေစေ "
ဟု အမိန့်ထုတ်ထားလေတော့သည်။
Credit - MyanmarSar
No comments:
Post a Comment