Thursday, October 9, 2014

သီရိလင်္ကာ နိုင်ငံ တစ်နိုင်ငံလုံးက ဗုဒ္ဓဘာသာကို အသက်တမျှ တန်ဖိုးထားခြင်း

သီရိလင်္ကာ နိုင်ငံ တစ်နိုင်ငံလုံးက ဗုဒ္ဓဘာသာကို အသက်တမျှ တန်ဖိုးထားခြင်း၏ အကြောင်းမှာ..............သီရိ
လင်္ကာ နိုင်ငံ အစိုးရ၏ ဆန်းဒေးလ် စကူးလ် ကျောင်းများကြောင့်ပင်ဖြစ်ပါသည် ။ယင်းဆန်းဒေးလ်စကူးလ်ကို ( ၁၈၈၁ )ခုနှစ် ဖေဖေါ်ဝွရီလ (၁၃ ) ရက်နေ့ တွင် အမေရိကန်နိုင်ငံသား Henry Olcott ( ဟင်နရီအောလ်ကော့ -သာသနာ့အလံ တည်ထွင်သူ ) က အခက်အခဲပေါင်းများစွာကို ကျော်လွှားပြီး ကိုယ့်အားကိုယ်ကိုးဖြင့် စတင်တည်ထောင်ခဲ့ပါသည် ။ ( On 13 th February 1881, the first Buddhist Sunday School was started at the Society"s premises in Maliban Street ) နောက်ပိုင်းကျမှ နိုင်ငံတော် အစိုးရက တာဝန်ယူဆောင်ရွက်လေသည် ။ယခုဆိုလျှင် နှစ်ပေါင်း (၁၀၀) ကျော် သွားပါပြီ ။ ယနေ့  တိုင်းပြည် တွင် အုပ်ချုပ်နေကြသည့် သမ္မတ ၊ ၀န်ကြီး ဗိုလ်ချုပ်ကြီးများသည်ပင် ယင်းဆန်းဒေးလ် စကူးလ် ကျောင်းဆင်းများ ဖြစ်ကြပေသည် ။........ဆန်းဒေးလ်စကူးလ် ဟူသည်မှာ တနင်္ဂနွေနေ့ တိုင်း ဗုဒ္ဓ၀င် ၊ ရာဇ၀င် ၊ ယဉ်ကျေးမှု စသည်များကို အထူးသင်ပေးသော ကျောင်းဖြစ်ပေသည် ။ ယင်းကျောင်းများသည် ပုဂ္ဂလိက ကိုယ်ပိုင် မဟုတ်ကြ ။ နိုင်ငံတော် အစိုးရကိုယ်တိုင်က ပညာရေးစနစ်ကို သတ်မှတ်ပေးပြီး စည်းမျဉ်းဥပဒေနှင့်အညီ ဖွင့်လှစ်ထားသော ကျောင်းများ ဖြစ်ပေသည် ။ နေရာကားဘုန်းကြီး ကျောင်းများ ပင်တည်း ။အချို့ ဘုန်းကြီး ကျောင်းများတွင် စွမ်းနိုင်သော ကျောင်းထိုင်ဘုန်းကြီးသည် ဆန်းဒေးစကူးလ်၏ ကျောင်းအုပ်ဖြစ်ပြီး အနည်းငယ်သော ကျောင်းများမှာတော့ ကျောင်းထိုင်ဘုန်းကြီးက ပံ့ပိုးမှု အပိုင်းလောက်သာတာဝန်ယူကြပါသည် ။ ဤအချက်ကို ထောက်ဆကာ ကလေးသူငယ်များကို သင်ပေးနိုင်ဖို့ အတွက် ဘုန်းကြီးများကိုယ်တိုင်က လောကီ ၊ လောကုတ် စွယ်စုံတတ်ဖို့ လိုသည် ဆိုသည်ကို သတိမူသင့်၏ ။ .........ယင်းဆန်းဒေးလ် ကျောင်းများတွင် လူပုဂိုလ်များ ဆရာ၊ ဆရာမများ ဖြစ်ဖို့ အတွက် ဆရာဖြစ်သင်တန်းဟူသော သီးသန့်  စာမေးပွဲ တစ်ခုကို ဖြေကြရသေး၏ ။ ယင်းစာမေးပွဲများကို အောင်မြင်မှသာ များသောအားဖြင့် ဆရာဖြစ်ကြပါသည် ။ ဆန်းဒေးလ် စကူးလ်တွင် သင်ပေးကြသော ဆရာ၊ ဆရာမတို့ သည်ကား စေတနာ့ဝန်ထမ်းတို့ သာတည်း ။............ယင်းသင်တန်းတွင် ၁။ သူငယ်တန်း ( Primary ) ....၂။ ၁-တန်းမှ ၁၀-တန်း ( Grade 1 to Grade 10 ) .....၃။ နောက်ဆုံးအဆင့်-၁ ၊ နောက်ဆုံးအဆင့် -၂ ( Final 1 , 2 ) ဟု အတန်းပေါင်း (၁၃ )တန်း ခွဲခြားပြီး သင်ကြားပေးပါသည် ။ ..........ပြဌာန်းထားသည့် စာပေများမှာ ငါးရာ့ငါးဆယ်လာ ဇာတ်တော်များ ၊ ဓမ္မပဒလာ ဘုရားလက်ထက်က အဖြစ်အပျက်များ ၊ ယင်းအကြောင်းများ ကိုရေးထားသည့် ကဗျာများ ၊ ပါရမီ (၁၀)ပါး အကြောင်း ၊ ဒါန ၊ သီလ ၊ စသော ပုည ကိရိယ ၀တ္ထု (၁၀)ပါး တို့ ၏ အဓိပ္ပါယ် ၊ ဘုရားဖြစ်တော်စဉ် ဗုဒ္ဓ၀င်အကြောင်း ၊ ပရိတ်ကြီး ပါဠိနှင့် အဓိပ္ပါယ် ၊ အဘိဓမ္မာ သဘော အဓိပ္ပါယ် ၊ သုတ္တနိပါတ ပါဠိလာ မှတ်သားဖွယ်ရာများ ၊ သီရိလင်္ကာ ဗုဒ္ဓဘာသာသမိုင်း ၊ ဗုဒ္ဓဘာသာနှင့် ပတ်သက်သည့် ရှေးဟောင်းယဉ်ကျေးမှု ဗိသုကာ အကြောင်း ၊ ရှေးဘုရင်တို့ ၏ အောင်ပွဲ နှင့် စစ်သူကြီးများ၏ အစွမ်းသတ္တိတို့ ကို ဖော်ပြထားသည့် ရာဇ၀င်များ ၊ ထေရ၀ါဒ နှင့် မဟာယနတို့ ၏ ကွဲပြားခြားနားပုံတို့ ဖြစ်ပါသည် ။ ယင်းပြဌာန်းစာတို့ ကို အတန်းအားလျှော်စွာ သူ့ အဆင့်နှင့်သူ ခွဲခြားပြီး သင်ကြားပေးပါသည် ။ ...........ယင်းပြဌာန်းစာတို့ ကို မိခင်ဘာသာဖြစ်သည့် ဆင်ဟာလဘာသာနှင့် သင်ကြားပေး၏ ။ အင်္ဂလိပ်စာကိုလည်း သင်ပေး၏ ။ တချို့ ဆန်းဒေးလ် စကူးလ်တို့ တွင် အင်္ဂလိပ်စာဒီပလိုမာသင်တန်းကိုပင် ဖွင့်လှစ်ထား၏ ။ အတန်းတိုင်းအတွက် သင်ရိုးပြဌာန်းစာအုပ်များကိုလည်း သာသနာရေး ၀န်ကြီး ဌာနက ရိုက်နှိပ်ထုတ်ဝေပြီး အခမဲ့ဖြန့် ဝေ၏ ။ ယင်းဆန်းဒေးလ်စကူးလ် စာမေးပွဲကို သာသနာရေး ၀န်ကြီး ဌာနကပင် တာဝန်ယူပြီး ဒီဇင်ဘာလ ပထမပတ်မှာ ကျင်းပပေးပါသည် ။ ။( အရှင် ဒေ၀ိန္ဓာဘိဝံသ )

No comments:

Post a Comment