Tuesday, October 7, 2014

သီလစောင့်မှအူမတောင့်မည် တရား ဒေသနာတော်

Ashin Dr Nandamãlãbhivamsa
သီလစောင့်မှအူမတောင့်မည် တရား ဒေသနာတော် မှ ကောက်နုတ်ချက်
ဗုဒ္ဓဘာသာဝင်ဖြစ်လာပြီလို့ ဆိုကတည်းက မှန်ကန်တဲ့အမြင် တစ်ခုစွဲကိုင်ထားရမယ်။ အဲဒီမှန်ကန်တဲ့အမြင်က ဘာလဲလို့ဆိုရင်-ကမ္မဿကတာ သမ္မာဒိဌိ။ ကံသည်သာလျှင်-ကိုယ်ပိုင် ဥစ္စာ။ ကိုယ်ပိုင် ဥစ္စာဆိုတာ ကိုယ်နဲ့ပတ်သက်တယ်။ ကိုယ်လုပ်ရင် ကိုယ်ဘဲ။ အဲဒီတော့ ကိုယ်လုပ်ရင် ကိုယ်ဘဲခံရတယ် ကိုယ်ဘဲစံရတယ် ဆိုတဲ့-ဒီအမြင်တစ်ခုဟာ ဘယ်ဘက်ကိုဦးလှည့်နေသလဲလို့ သေသေချာချာစဉ်းစား။ အလေး အနက် စဉ်းစား။ (၂)ခုနှိုင်းယှဉ်ပြီးတော့ကြည့်။ ကိုယ်လုပ်တာကို ကိုယ်နဲ့မပတ်သက် ဘူး။ ကိုယ်ခံစရာမလိုဘူး၊ ကိုယ်စံစရာမလိုဘူးဆိုတဲ့လူတစ်ယောက်ရဲ့ အမြင်ရယ် ကိုယ်လုပ်တာ ကိုယ်နဲ့ဘဲသက်ဆိုင်တယ်။ ကိုယ်ဘဲခံရ တယ်၊ ကိုယ်ဘဲ စံရတယ်ဆိုတဲ့ လူတစ်ယောက်ရဲ့အမြင်ရယ်။ ဒီအမြင်(၂)ခုသည် ကိုယ်လုပ်တာ ကိုယ်နဲ့ဘဲ သက်ဆိုင်သည်။ ကိုယ်သာလျှင် ခံရမယ် စံရမယ် ဆိုတဲ့အမြင်သည် လူကောင်းဖြစ်ဖို့အ တွက်ဦးတည် ထားတယ်။ ကိုယ်လုပ်လဲ ဘာမှမဖြစ်ဘူး။ ကောင်းတာလုပ်လဲ ကောင်းတာမဖြစ်ဘူး ဆိုးတာလုပ်လဲ ဆိုးတာ မဖြစ်ဘူးနော်။ ဘဝဆိုတာ ဒီဘဝပြီးရင်ပြီးရော နောက် ဘာမှမဖြစ် ဘူးဆိုတဲ့သူဟာ လူကောင်းဖြစ် ဘို့ရှိပါ့မလား။ မရှိဘူးလေ။ သူကလုပ်ချင် တာလုပ်မှာပေါ့။ ဘာဖြစ်လို့တုန်းဆိုရင် ကိုယ်လုပ်တာ ကိုယ်ခံရမယ် လို့မှ မဆိုလို့ရှိရင် သူလုပ်ချင်တာ လုပ်မှာပေါ့။ အဲဒီတော့ လုပ်ချင်ရာလုပ်တယ်လို့ ဆိုတဲ့ထဲမှာ လူတွေက လုပ်ချင်တာ အကောင်းလား အဆိုးလားလို့မေးကြည့်။အများအားဖြင့် အဆိုးဘဲလုပ်ချင်ကြတယ်။ အကောင်း လုပ်ဖို့ဆိုတာ အင်မတန်မှခဲယဉ်းတယ်၊ အဲဒါကြောင့်မို့လို့-ကိုယ်လုပ်ချင်တာဆိုတဲ့က အကောင်းမဖြစ်ဘူး။ ကိုယ်လုပ်တာကို ကိုယ်တာဝန်မယူရဘူးဆိုလို့ရှိရင်၊ ဒီပုဂ္ဂိုလ်ဟာ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှမပြင်နိုင်ဘူး။ ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ်ဘဲတာဝန်ရှိတယ်လို့ဆိုတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ ကိုယ်လုပ်တဲ့ အလုပ်ကို တလေးတစားလုပ်မယ်။ ကောင်းတာကိုဘဲရွေးလုပ်မယ်။ မကောင်းတာမလုပ်ဘူး။ ဘာဖြစ်လို့တုန်းဆိုရင် မကောင်းတာလုပ်ရင် ကိုယ်ခံရမယ်။ ကောင်းတာလုပ်ရင် ကိုယ်စံရမယ်။ သူက သိတယ်။
အဲဒီတော့ သူက လူတော်လူကောင်းဖြစ်နိုင်တယ်။ အဲဒီလိုအသိ အမှတ်မပြုဘူး ဆိုတဲ့ပုဂ္ဂိုလ် တစ်ယောက်ဟာ ဘယ်လိုလုပ် လူတော်လူကောင်း ဖြစ်နိုင်မလဲ။ မဖြစ်နိုင်ဘူး။ အဲဒါကြောင့် ကမ္မဿကတာ သမ္မာဒိဌိ ဆိုတာ လူတော်လူကောင်းဖြစ်ဖို့ အင်မတန်မှ အရေးကြီးတယ်။ ကမ္မဿကတာ သမ္မာဒိဌိရှိလာပြီဆို တဲ့နောက်မှာ ဘာဖြစ်လာလဲ။ လုပ်ရမယ် ဆိုတဲ့ ကောင်းတာတွေလုပ်ရမယ်လို့သိလာတဲ့အခါမှာ ကောင်းတာ တွေရဲ့ အစဆိုတာ ဘာလဲဆိုရင်-ကိုယ်ကျင့်သီလဘဲ။ အဲဒီတော့ လူတွေ တွေးသလို အူမတောင့်မှ သီလစောင့်ရမှာ မဟုတ်ဘူး အူမတောင့်ဖို့ အတွက် သီလစောင့်ရမှာ တကယ်ဆိုရင်နော်။ အဲတစ်ချို့တော့ တွေးတောချင်လိမ့်မယ်။ ငါးပါးသီလ လုံအောင် စောင့်ထိန်း နေလို့ရှိရင် စီးပွားမဖြစ်ဘူး။ ဒီလိုတွေးကောင်းတွေးလိမ့်မယ်။ စီးပွားဖြစ်တယ် မဖြစ်ဘူးဆိုတာ ကိုယ့်ရဲ့လုံ့လဝီရိယနဲ့အကြံဥာဏ်ပေါ်မှာရှိတယ်။ သီလနဲ့ ဆိုင်တယ်နော်။ မဆိုင်ဘူးဆိုတာ တိုက်ရိုက် ပတ်သက်မှု မရှိဘူးလို့ပြောတာ။
--

No comments:

Post a Comment