Tuesday, October 7, 2014

လူမိုက်မယားတဲ့ဗျို့

လူမိုက်မယားတဲ့ဗျို့
*****************
တစ်ချိန်က စာချ ၊ စာသင်တွင် အလွန်ကျော်ကြားလှသော ဆရာတော်တစ်ပါးအား တိလောကဂုရုဟူသော ကျောင်းတော်ကြီး ဆောက်လုပ်၍ “တိလောကဂုရုဘွဲ့တံဆိပ်တော်” ဆပ်ကပ်ခြင်းခံရသော ဆရာတော်ကြီးတစ်ပါးရှိသတဲ့ ။
ထိုဆရာတော်ကြီး၏ အလောင်းအလျာဖြစ်သော ဦးပဉ္ဖင်းသည် သာသနဘောင်၌ ငြီးငွေ့လှသဖြင့် မပျော်ပိုက်တော့ဘဲ လူထွက်ရန်အကြံဖြစ်လေသည် ။ ထိုသောအခါ မိမိလူမထွက်မီ သင်္ကန်းဝတ်ဖြင့် ရွှေစည်းခုံစေတီတော်မြတ်ကြီးအား နောက်ဆုံးဖူးမြှော်လို၍ ဘုရားရင်ပြင်ပေါ်သို့ ရောက်လာခဲ့သည် ။
ထိုအခိုက် ဦးပဉ္ဖင်းနှင့်မလှမ်းမကမ်းတွင် အမျိုးသမီးတစ်ဦးသည် ပန်း ၊ ရေချမ်းကပ်လှူ ပြီးလျှင်..
“ အရှင်ဘုရား..တပည့်တော်မသည် ဤဘဝမှစ၍ ဘဝသံသရာ ဖြစ်လေရာသော ဘဝတိုင်း၌ ဃရာဝါသနှောင်ဝဋ် ၊ ချစ်သူညွတ်ကွင်းမှ မလွတ်ကင်းနိုင်အား စုံဖက်ရငြားအံ့ ။ လူပါးမဝ ယောင်နန ၊ ဂိုက်မကျ အဆင်မပြေ ၊ အနေတချက် အပြောခက်သည့် ၊ လူထွက်ထိပ်ပြောင် အူကြောင်ကြောင်ကို ၊ သွေရှောင်ဖယ်ရှားရသည့်ကိုယ် ဖြစ်ရပါလို၏” လို့ ဆုတောင်းသတဲ့ ။
ဒီဆုတောင်းသံကို ကြားရတဲ့ ဦးပဉ္ဖင်းလည်း ထိုအမျိုးသမီးအနားကပ်ပြီးတော့ “ဟဲ့ ..ဒကာမရဲ့ ဘယ်လိုကြောင့် ဒီလိုဆုတောင်းသတုန်း” လို့ မေးပါတော့တယ် ။
ဒီအခါ အမျိုးသမီးပြန်လျှောက်လိုက်ပုံက..
“ တင်ပါ့ဘုရား..ဒီလောကမှာ သူတစ်ပါးတို့လှူအပ်တဲ့ ပစ္စည်းဝတ္ထုများဖြင့် ချမ်းသာစွာနေရသည်ဖြစ်ပါလျက် သူ့ကျွန်ခံဦးမည် ။ မယားကျွန်ပြုဦးမည်ဟု လူထွက်သော ရဟန်းထက် မိုက်သောသူ မရှိပါဘုရား ။ လူမိုက်မယား မဖြစ်ငြားလို၍ ဤဆုကို တောင်းခြင်းသာ ဖြစ်ပါသည်ဘုရား”..တဲ့ ။
လူထွက်မည့်အကြံနဲ့ ဘုရားဖူးထွက်လာတဲ့ ဦးပဉ္ဖင်းလည်း “အိမ်း…ဒီဒကာမပြောတာလဲ ဟုတ်သားပဲနော်” လို့ ဆင်ခြင်မိတာနဲ့ လူမိုက်တော့ ငါအဖြစ်မခံလိုဟု နှလုံးပြုလျက် စိတ်ရှည် ၊ ဇွဲသန် ၊ သီးညည်းခံပြီး ကြိုးစားလိုက်တာ မင်းဆရာတော် ကျမ်းပြုအကျော် တိလောကဂုရုဆရာတော်ဟူ၍ ဖြစ်လာသတဲ့ဗျာ ။
အဲဒီအမျိုးသမီးတစ်ဦးတည်း ဒီလိုပြောတာလားဆိုတော့ ဟုတ်သေးဘူးဗျ ။ ဗုဒ္ဓဝင်မှာ ဘုရားဖြစ်တော်မူပြီးနောက် ဓမ္မစကြာတရားဟောရန် ကြွတော်မူရာ မဟာဗောဓိပင်နဲ့ ဂယာသီသ၏အကြား၌ တွေ့ရသော “ဥပက” အမည်ရှိတဲ့ တက္ကတွန်းလူထွက်ရဲ့ မယား မုဆိုးကြီးသမီး “စာပါ” ကလည်း သူ့သား “သုဘဒ္ဒ” သူငယ်ငိုတဲ့အခါ ဒီလိုပြောသတဲ့ .. “ သားထမ်းသမားရဲ့သား ၊ မုဆိုးနောက်လိုက် လူထွက် မိုက်ရဲ့သား ၊ ငါ့ကို အပူမရှာစမ်းနဲ့”.. ။
“နင့်ဘရူးနှမ်း ၊ ရဟန်းပေါ့ပျက် ၊ ငါ့ကိုမက်၍ ၊ လူထွက်လာသည် ၊ ပညာပေတုံး ထမင်းဖြုန်းသည့် ခေါင်းတုံးမွဲ၏သား” လို့ သူ့ယောက်ျား ဥပကကြီးကို ပျက်ရယ်ပြုလေ့ရှိသတဲ့ ။
ဟဲ့..ကလေးမတို့ မှတ်ကြစမ်းဟဲ့..။ နင်တို့လဲ လူမိုက်မယားမဖြစ်ရအောင် ရဟန်းငယ် ၊ ပဉ္ဖင်းငယ်တွေရှေ့မှာ အနေအထိုင် အပြောအဆို ဆင်ခြင်ပြီး သာသနအညွန့်အညှောင့်ကလေးတွေကို ဖျက်ဆီးသလို မဖြစ်ကြစေနဲ့ ။ ပစ္စပ္ပန်မှာ မျက်ရည်ကျ ၊ သံသရာမှာ အပါယ်ကျတတ်တယ် နားလည်ရဲ့လား ။
စာဖတ်သူမိတ်ဆွေများ ချမ်းသာကြပါစေ...
ဇော်မျိုး.

No comments:

Post a Comment